လူ့ဘောင်သစ်ပါတီ ပြည်တွင်းတွင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်မရသေး

ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ မြန်မာနိုင်ငံထဲ ပြန်ပြီး နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားပေမယ့် ခွင်ပြုချက်မရသေးဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ “ကျနော်တို့က ပါတီအနေနဲ့ပြန်လာမယ်။ ပါတီအနေနဲ့ ပြန်ပြီးတော့ ပါတီထောင်မယ်ဆိုပြီးပြောတာ သူတို လက်မခံသေးဘူး။ လက်မခံသေးတော့ ဆက်လက်ဆွေးနွေးဖို့ အဆင့်ပဲ ရှိသေးတယ်။ မြန်မာအစိုးရက လောလောဆယ်မှာ လူ့ဘောင်သစ်ပါတီကို ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားခွင့်မပြုပေမယ့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို မြန်မာနိုင်ငံထဲ လေ့လာရေး ယာယီလာဖို့ ဖိတ်ကြားထားတယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။ “အဲဒါကတော့ သူတို့က ဒီဘက်မှာ ရှိတဲ့ သူတို့နဲ့ ဆွေးနွေးပြီးသား ပုဂ္ဂိုလ်တွေကို ခဏလာပါ၊ လာကြည့်၊ လာစကားပြောပေါ့။ အဲလိုမျိုးဖိတ်ထားတာရှိတော့ ကျနော်တို့က စဉ်းစားနေတာ။ ကိုမိုးသီးတို့လည်း သွားမယ်လို့ကြားတယ်။ အဲခရီးစဉ်တွေနဲ့ရောပြီး ကျနော်တို့ကိုလည်း ဖိတ်တာပါ။” ထိုင်းနိုင်ငံ မဲဆောက်မှာ အခြေစိုက်တဲ့ အလုပ်သမားရေး အဖွဲ့အစည်းက တာဝန်ရှိသူတွေလည်း ပါမယ်လို့ သိရပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး မကြာခင် ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေကနေ နိုင်ငံရေးပါတီတခုအဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ပါတီကို မတရားအသင်း ကြေညာခံရတဲ့အတွက် ပြည်ပမှာ အခြေစိုက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာပါ။

More News
Up