Home
အထွေထွေ
ဆိုက်ကားနိုင်ငံရေး (သုတကဖေး)
DVB
·
October 16, 2018
မြန်မာပြည်မှာ ဆိုက်ကားစဦးပေါ်လာတာက နိုင်ငံရေးနဲ့ဆက်စပ်ပြီး ပေါ်လာခဲ့တာလို့ပြောရင် ယုံချင်မှယုံနိုင်ပါလိမ့်မယ်။ ဒါ တကယ်ဖြစ်ခဲ့တာ။ ဒီလိုပြောရင် ကိုလိုနီခေတ်ကို ပြန်လှန်ရလိမ့်မယ်ထင်တယ်။ ဆိုက်ကားက ကိုလိုနီခေတ်ထဲမှာ ပေါ်လာခဲ့တာကိုး။ ဆိုက်ကားကို ဒေသအလိုက် အမျိုးမျိုးခေါ်ခဲ့ကြတယ်။ အင်္ဂလိပ်လိုတောင် Trishaw; cycle-Rishaw; Pedicab; Trisikad; becab; bike cab; စသဖြင့် မျိုးစုံခေါ်ခဲ့၊ ပြန်ဆိုခဲ့ကြတာ တွေ့ရတယ်။ ဟိုတခါ လန်ခြား ရစ်ခ်ရှော (Rick shaw) နဲ့ မတူဘူး။ ရစ်ခ်ရှောဆိုတာက လူကဆွဲတာ။ ဆိုက်ကားကတော့ လူကနင်းတာ။ နှစ်ခုစလုံးကတော့ လူ့လုပ်အားနဲ့ပဲ သယ်ဆောင်ကြရတာပါ။ ဆိုက်ကားဆိုတာကလည်း တကယ်တော့ ရစ်ခ်ရှောလို့ခေါ်တဲ့ ၁၈၇၉ ခုနှစ် လန်ခြားပေါ်ပြီးမှ ရစ်ခ်ရှောကို အခြေခံပြီး တီထွင်လိုက်ကြတဲ့သဘောပါ။ မြန်မာပြည်ကိုတော့ လန်ခြားဟာ ၁၈၉၃ ခုနှစ်မှ တရုတ်ကတဆင့် ရောက်လာခဲ့တာ။ မိခင်နိုင်ငံကတော့ ဂျပန်နိုင်ငံပေါ့။ ဆိုက်ကားလို့ပြောရာမှာ ခြေနင်းကိုအခြေခံပြီး ဘေးတွဲဆိုက်ကား (ဗမာမှာသုံး)၊ နောက်တွဲဆိုက်ကား (ကုလားပြည်၊ မလေရှားတို့မှာသုံး)၊ ရှေ့တွဲဆိုက်ကား (ဟနွိုင်းမှာသုံး) ဆိုပြီး သုံးမျိုးသုံးစား တွေ့ရတယ်။ ခြေနင်းကိုအခြေခံပြီး သယ်ယူပို့ဆောင်ရေးလုပ်တဲ့ ဆိုက်ကားဆိုတဲ့ ယာဉ်တမျိုးကို ဘယ်သူကစတင် တီထွင်လိုက်သလဲဆိုတာ မတွေ့မိပါဘူး။ ဒါပေမယ့် ၁၉၁၂ ခု The Malay Daily Chronicle သတင်းစာမှာ “The comming of pedal Rikisha" ဆိုပြီး ပါတာကို အစောဆုံး တွေ့ရတာပါပဲ။ သတင်းစာမှာ ဒီလိုပါပေမယ့် မလေးမှာတော့ လန်ခြားကိုသာ ဦးစားပေး အသုံးပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုက်ကားကို စတင်သုံးစွဲခဲ့ကြတဲ့ ဒေသဆိုင်ရာ တိုင်းပြည်တွေကို လေ့လာကြည့်တော့ စင်ကာပူမှာ ၁၉၁၄ လောက်မှာ စတင်တယ်လို့ ဆိုပါတယ်။ ၁၉၁၅ ထဲအရောက်မှာ ခြေနင်းသုံးဘီးဘိုင်စကယ် ဖရိန်ကို စတင်တီထွင်ခဲ့တယ်လို့ သိရတယ်။ အမေရိကန်ကုမ္ပဏီကနေ အစီးရေ ၅၀၀ မှာပြီး ထုတ်လုပ်ခဲ့တာ။ ဒါပေမယ့် စင်ကာပူလမ်းပေါ် သွားလာဖို့ကိုတော့ ဗြိတိသျှတို့က လမ်းလုံခြုံမှုအရ ငြင်းပယ်ခဲ့တယ်။ အသုံးပြုခွင့်မပေးခဲ့ဘူးလို့ မှတ်တမ်းအရ သိရတယ်။ ၁၉၄၂ ထဲ စင်ကာပူခံတပ်ပြိုလို့ ဂျပန်လက်အောက် ကျရောက်တော့မှ စင်ကာပူလမ်းပေါ်မှာ ဆိုက်ကားပြေးဆွဲခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စတင်တီထွင်ရာမှာ စင်ကာပူဟာ မလေးထက် နောက်မကျခဲ့ဘူးလို့ သိရပါတယ်။ အိန္ဒိယကတော့ ၁၉၃၀ ကတည်းက လမ်းပေါ်မှာ ဆိုက်ကားပြေးဆွဲနေပါပြီ။ ဂျကာတာ (အင်ဒိုနီးရှား) ကတော့ ၁၉၃၆ မှာ စတင်သုံးစွဲခဲ့ပါတယ်။ ပီနန် (မလေးရှား) မှာလည်း ၁၉၃၆ မှာ ဆိုက်ကားကို စတင်ပြေးဆွဲနေပြီလို့ သိရတယ်။ ဒက်ကာကတော့ မြန်မာနဲ့ သိပ်မကွာဘူး။ ၁၉၃၈ ထဲမှာ ဒက်ကာလမ်းပေါ်မှာ ခရီးသည်ကို သယ်ဆောင်ပြေးဆွဲနိုင်ပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဆိုက်ကားပေါ်လာတာကြတော့ အခြားနိုင်ငံတွေနဲ့ မတူဘူး။ သူက အမျိုးသားရေး အသွင်သဏ္ဌာန်နဲ့ ပေါ်လာတာလို့ ဆိုပါတယ်။ စတင်ရာအရပ်က မန္တလေးရွှေမြို့တော်ကြီးကပါ။ မြန်မာကတော့ စတင်တီထွင်သူရဲ့ အမည်နာမနဲ့တကွ မှတ်တမ်းတင်ပေးခဲ့တာက လူထုဒေါ်အမာပဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဆိုက်ကားအစအကြောင်း မပြောမီ အဲ့ဒီခေတ်အခါက ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ရှိခဲ့တဲ့ သယ်ယူပို့ဆောင်ရေးအကြောင်း အရင်ပြောမှ ဇာတ်ရည်လည်မှာပါ။ အရင်အပတ်က လျှပ်စစ်ဓာတ်ရထားလိုင်းတွေအကြောင်း ပြောခဲ့ဖူးတယ်။ မန္တလေးမှာ ဓာတ်ရထားလိုင်း ပြေးဆွဲတာက မန္တလေးသားတို့ရဲ့ မှတ်တမ်းအရဆိုရင် ၁၉၀၄ ခုနှစ်ကတည်းက စတင်တာလို့ သိရတယ်။ ဝိတိုရိယဘုရင်မကြီး နန်းသက် ၆၀ ပြည့်နှစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၀၄ ဇွန်လ ၁၇ ရက်နေ့မှာ စတင်ပြေးဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ရထားလိုင်း စုစုပေါင်း သုံးလိုင်းပြေးဆွဲတာ။ လမ်း ၃၀ ကနေ ဆေးရုံကိုဖြတ် ဘူတာကြီးကနေ ၇၈ လမ်းအတိုင်းသွားပြီး မြောက်ဘက်ချိုးကာ ၂၆ လမ်း နာရီစင်မှာဆုံးတာက တလမ်း။ ဈေးချို၊ ပိုက်ကျုံး၊ သစ်တောရုံးကနေ ဂေါဝိန်ဆိပ်မှာတလမ်း။ နောက်တလမ်းက နာရီစင်ကနေ ၈၄ လမ်းအတိုင်း ဘုရားကြီးကနေ ရှမ်းစုအထိ။ အဲဒီလမ်းသုံးလမ်းနဲ့ ပြေးဆွဲပေးခဲ့တယ်။ ၂၆ ဘီလမ်းနဲ့ ၇၈ လမ်းထောင့်မှာ အဲ့ဒီခေတ်အခေါ်အရ “ဓာတ်စက်ရုံ” (လျှပ်စစ်ဓာတ်အားစက်ရုံ) ကို ထားရှိခဲ့တာ။ မန္တလေးမှာက ရန်ကုန်မှာလို လန်ခြားမရှိဘူး။ ဒီဓာတ်ရထားလိုင်းပဲရှိတာ။ မြင်းလှည်း၊ နွားလှည်း ဝန်ဆောင်မှုတော့ ရှိသပေါ့။ ဒီလိုနဲ့ ၁၉၃၈ ထဲရောက်တော့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးက တပြည်လုံး ပါဝင်ဆင်နွှဲခဲ့ကြတာ။ အလုပ်သမား၊ လယ်သမား၊ ပညာတတ်ကျောင်းသားနဲ့ ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်ဆင်နွှဲခဲ့ကြတာပဲ။ အမျိုးသားလွတ်လပ်မှုကြီးအတွက်ဆိုတော့ မန္တလေးသူ မန္တလေးသားတွေလည်း ဘယ်နေမလဲ။ အကြီးအကျယ် ပါဝင်ခဲ့ကြတာ။ အဲဒီခေတ် မန္တလေးမြို့ရဲ့ အဓိကကြွေးကြော်သံက “အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေလက်ထဲမှာ ရှိရမယ်” ဆိုတာပဲ။ အဲဒီကြွေးကြော်သံကလည်း ဗမာတွေစိတ်ထဲ စွဲထင်နေချိန်ပေါ့။ အဲဒီလိုကာလမျိုးမှာပဲ မန္တလေးရဲ့ ညောင်ပင်ဈေးမှာ ကားဘော်ဒီလုပ်တဲ့ ဆရာညိုက စက်ဘီးအဟောင်းတခုကို ဘေးတွဲဖရိန်တခုလုပ်ပြီး စတင်တပ်ဆင်လိုက်ရာက ဆိုက်ကားဆိုတာ မြန်မာ့သယ်ယူပို့ဆောင်ရေးလောကမှာ ယာဉ်တမျိုးအဖြစ် ပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲဒီခေတ်က ဘေးတွဲတပ်ဆင်ခ ၁၀၀ ကျပ်ဆိုတော့ မြန်မာတွေ ရင်းနှီးနိုင်လောက်တဲ့ ငွေကြေးကလည်းဖြစ်ပြန်၊ ဆိုက်ကားဆိုတော့ လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြားအထိ ဝင်ထွက်သွားလာလို့ကလည်း ရပြန်ဆိုတော့ မန္တလေးအတွက် အတော်ကို အဆင်ပြေချောမွေ့ဟန်ပါပဲ။ ဓာတ်ရထားအပိုင်းကို ပြန်ကြည့်တော့ စုစုပေါင်း ၆ မိုင်ပဲ သွားလာလို့ရတာပါ။ ၁၃၀၀ ပြည့် အရေးတော်ပုံရဲ့ လှိုင်းကလည်း အရှိန်ပြင်းလာတယ်။ အဲဒီအချိန်မှာပဲ “အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေလက်ထဲရှိရမယ်ဆိုတဲ့ ဂယက်ကလည်း ကြီးထွားနေချိန်ဆိုတော့ အခြေနေပေါင်းစုံ ပေါင်းဆက်မိပြီး မန္တလေးလူထုဟာ ဓာတ်ရထားမစီးရေးနဲ့ ကိုယ့်အမျိုးသား အကျိုးစီးပွား အားပေးရေး” ဆိုတဲ့ အမျိုးသားရေးစိတ်နဲ့ ဆိုက်ကားကိုပဲ စီးနင်းလိုက်ကြပါတော့တယ်။ ဓာတ်ရထားလိုင်းကလည်း မျိုးစုံဆွယ်ပြီး စည်းရုံးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံး ရထားစီးခ ၃ ပဲ လက်မှတ်ဖြတ်ထားရင် တနေကုန် စီးနင်းလိုက်ခွင့်ရှိကြောင်း ကြေညာပေမယ့် စီးနင်းသူ မရှိတော့တာကြောင့် ရွှေမန္တလေးမြို့ရဲ့ ဓာတ်ရထားလိုင်းဟာ အပြီးအပိုင်ပိတ်သိမ်းလို့ ပြည်တော်ပြန်သွားရပါကြောင်း မှတ်သားလိုက်ရပါတယ်။ ဒါကြောင့် မြန်မာဆိုက်ကားဟာ အမျိုးသားရေးအသွင် လက္ခဏာတရပ်အနေနဲ့ ပေါ်ထွက်လာခဲ့တာလို့ ဆိုကြခြင်းပါပဲ။ ဆိုက်ကားနိုင်ငံရေးပေါ့။ ဒါ့အပြင် ၁၉၇၄ ခုနှစ် အလုပ်သမားဆန္ဒပြပွဲကြီးရဲ့ အစဟာလည်း မန္တလေး “အနှေးယာဉ်အလုပ်သမားအစည်းအရုံး” က အစပြုခဲ့တယ်လို့ အလုပ်သမားလှုပ်ရှားမှု အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။ အဲဒီခေတ်က ဆိုက်ကားယာဉ်တမျိုးကို အနှေးယာဉ်အဖြစ် စတင်ခေါ်ခဲ့ဟန်ပါပဲ။ မန္တလေးအလုပ်သမားသပိတ်မှာ ဆိုက်ကားသမားတွေ အစောဆုံး ထွက်လာခဲ့တာလို့ ဆိုပါတယ်။ ဒါ ဒုတိယအကြိမ် ဆိုက်ကားနိုင်ငံရေးအသွင် လုပ်ဆောင်ခဲ့မှုပါ။ ထပ်မံတွေ့ရတဲ့ တတိယအကြိမ် ဆိုက်ကားနိုင်ငံရေးကတော့ ၂၀၁၅ ခုနှစ်ရဲ့ အထွေထွေရွေးကောက်ပွဲကာလရဲ့ လှုပ်ရှားမှုပုံရိပ်တွေပါပဲ။ ရွေးကောက်ပွဲကာလရဲ့ သတင်းဂျာနယ်တွေမှာဆိုရင် ဆိုက်ကားနိုင်ငံရေး ပုံရိပ်တွေကို ဖော်ပြပါရှိခဲ့ပါတယ်။ ပါတီဆိုင်းဘုတ်တွေထောင်ပြီး သူတို့ထောက်ခံရာ ပါတီအတွက် လှည့်လည်စည်းရုံး မဲဆွယ်လှုပ်ရှားခဲ့တာတွေ စာရှုသူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီပဲ။ မှတ်မှတ်ရရ မင်္ဂလာတောင်ညွန့်ရဲ့ ရပ်ကွက်အချို့မှာ ဆိုက်ကားစီးရေ ၃၀၀ ကျော် လှည့်လည်ခဲ့တာ။ မြို့နယ်တိုင်းနီးပါး ဆိုက်ကားအစီးရေ ၃၀၀ ထက်မနည်း လှည့်လည်စည်းရုံး ထောက်ခံပြခဲ့တဲ့ ဆိုက်ကားနိုင်ငံရေးဟာ တဖြည်းဖြည်း ထိုးထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ရွေးကောက်ပွဲအပြီးမှာ တွေ့ဆုံဂုဏ်ပြု အသိအမှတ်ပေးခဲ့ရတာပဲ မဟုတ်လား။ သေသေချာချာ တွက်ကြည့်တော့ မြန်မာနိုင်ငံမှာ ဆိုက်ကားဆိုပြီး ပေါ်ထွက်လာခဲ့တာ နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပါပြီ။ လန်ခြားကနေ ဆိုက်ကားကူးခဲ့တာ ၄၅ နှစ်အတွင်းမှာပါ။ ဆိုက်ကားတိုးတက်ရေးကို အစိုးကပဲဖြစ်ဖြစ် ပုဂ္ဂလိက အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် အဖြေတခု ရှာဖွေပေးသင့်ပါတယ်။ ဆိုကြပါစို့ ခြေနင်း Pedal နဲ့နင်းပြီး ပို့ဆောင်ရမယ့်အစား ဘက်ထရီသုံးဆိုက်ကားကို လုပ်ဆောင်ကူညီ အဖြေရှာပေးသင့်ပြီ။ လူနင်းပြီး ခရီးသည်ပို့ဆောင်ရာမှာ အကန့်အသတ်ရှိပါတယ်။ ကုန်းမြင့်တွေဆိုရင် နင်းဖို့သိပ်ခက်ခဲပါတယ်။ ဒီနေရာမှာ လူနင်းရမယ့်အစား ဘက်ထရီသုံး ဆိုက်ကားဆိုရင် နင်းစရာမလိုဘဲ ပိုမိုလွယ်ကူ မြန်ဆန်သွားနိုင်တာပဲ မဟုတ်ပါလား။ ဘာကြောင့် ဒီအဆင့်ကို မကူနိုင်သလဲဆိုတာ စဉ်းစားစရာပါ။ ဥပဒေအကန့်အသတ် ရှိလို့လား။ အရင်းအနှီး အကန့်အသတ်ရှိလို့လား။ ဘာကြောင့်ပါလဲ…..။ ဘာပဲဖြစ်ဖြစ် မကြာမီ ၂၀၂၀ ခုနှစ်ရဲ့ ရွေးကောက်ပွဲမှာတော့ ခြေနင်းပေါ်မှာ အားသွန်ခွန်စိုက်နင်းရင်း အရင်လိုပဲ ထောက်ခံစည်းရုံး လှည့်လည်နိုင်ဦးမလား။ ဘက်ထရီသုံး ဆိုက်ကားတွေနဲ့ပဲ လှည့်လည်လေဦးမလား။ ဒါမှမဟုတ်..။ အရင်လိုပဲ အာဏာရှင်ဆန့်ကျင်ရေးအတွက် တခဲနက် ပါဝင်ထောက်ခံ စည်းရုံးမှုလမ်းကြောင်း ဖြောင့်တန်းစွာ ရှိနေဦးမလား ဆိုတာကတော့ မဝေးတော့တဲ့ ကာလအတွင်း ဆိုက်ကားနိုင်ငံရေးကို စောင့်ကြည့်လေ့လာကြရဦးမှာ ဖြစ်ကြောင်းပါ။         ။ ဆရာဋ္ဌေး ကိုးကား
  • လူထုဒေါ်အမာ - ကျမတို့ရွှေမန္တလေး။
  • ၁၉၇၄ အလုပ်သမားလှုပ်ရှားမှု အစီရင်ခံစာ။
  • ဝီကီပီးဒီးယားတို့မှ အချက်အလက် ရယူပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024