ရာသီဥတုဆိုးရွားမှုကြောင့် စစ်လေယာဉ် ၂ စီးပျက်ကျဟု အစိုးရအတည်ပြုထုတ်ပြန်
DVB
·
October 16, 2018
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ထဲမှာ လေ့ကျင့်ရေး စစ်ဘက်လေယာဉ် နှစ်စီး လေ့ကျင့်မောင်းနှင် ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက အတည်ပြုသတင်းသတင်းထုတ်ပြန်ပါတယ်။
မင်းဘူးမြို့၊ စက္ကိန်းတဲဘုရား အနောက်ဘက်အနီး ဆားပွက်ချောင်းထဲကို ဒီကနေ့မနက် ၇:၄၅ နာရီလောက်က စစ်ဘက်သုံး လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ဆက်သွယ်ရေး တာဝါတိုင်ကို တိုက်မိပြီး ဆားပွက်ချောင်းအနီး ကွင်းပြင်မှာ ပျက်ကျကာ လေယာဉ်မှူး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်အပိုင်းအစ ထိမှန်တဲ့ ပဉ္စမတန်း ကျောင်းသူ မသွယ်ဇင်ငြိမ်းဟာလည်း မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ပို့ဆောင်ကုသစဉ် ကွယ်လွန်သွားခဲ့ပါတယ်။
အလားတူ မင်းဘူး(စကု)မြို့နယ် သနပ္ပင်စုကျေးရွာ အနောက်ဘက် ကွင်းအမှတ် (၁၂၂၀-A)မှာလည်း ဒီကနေ့မနက် ၇:၂၅ နာရီခန့်က စစ်ဘက်သုံးလေယာဉ်တစ်စီး ထပ်မံပျက်ကျခဲ့လို့ လေယာဉ်မှူး သေဆုံးခဲ့တယ်လို့လည်း အစိုးရသတင်းမှာဖော်ပြပါတယ်။
လေယာဉ်ပျက်ကျတဲ့နေရာကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ တပ်မတော် တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ဓာတ်ပုံ-MOI