Home
မြန်မာသတင်း
ကယားပြည်နယ်အတွင်း စီမံကိန်းအချို့ စံချိန်စံညွှန်းမပြည့်မီမှုများ စစ်ဆေးတွေ့ရှိ
DVB
·
October 13, 2018
ကယားပြည်နယ်ထဲမှာ အစိုးရက ချပေးထားတဲ့ စီမံကိန်းတွေ အပါအဝင် စီမံကိန်းတချို့မှာ စံချိန်စံညွှန်းမပြည့်မီတာတွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သတိပေးထားတယ်လို့ လွှတ်တော် ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။ လမ်းဖောက်တာ၊ အားကစားရုံတည်ဆောက်တာနဲ့ ဖုန်းတာဝါတိုင်တွေ ထောင်တာမှာ သတ်မှတ် အရည်အသွေးမမီတာတွေ တွေ့ခဲ့ရတယ်လို့ ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ “ညွန့်ကြည်သာ ကတ္တရာလမ်းနဲ့ မြေကာနံရံဆောက်ဖို့က ဝန်ကြီးချုပ်ကနေ ထွေအုပ်ကို ချပေးလိုက်တာ။ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက လမ်းကလည်း အရည်အသွေးမမီ၊ ပါရမယ့် ရေပိုက်ကလည်း မပါ။ သံချည်သံကွေးလည်း မပါ။ မြေထိန်းနံရံမှာလည်း ကျောက်တွေအစား ဘိလပ်မြေအိတ်တွေထဲမှာ သဲကျောက်တွေထည့်ပြီး စီထားတယ်။ လမ်းအရှည်ကလည်း မပြည့်ဘူး။ အဲဒါကြောင့် ကုမ္ပဏီကို ထိရောက်စွာအရေးယူပေးဖို့ ဝန်ကြီးချုပ်ကို တင်ပြထားတယ်” လို့ ပြောပါတယ်။ ကော်မတီက စစ်ဆေးပြီးတဲ့နောက်မှာတော့ လိုအပ်ချက်တွေကို ကုမ္ပဏီက ပြန်ပြင်တာတွေ လုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ ဖုန်းတာဝါတိုင်တွေ ထောင်ရာမှာလည်း သတ်မှတ်ချက်အတိုင်း မလုပ်ထားတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။ “ဖုန်းတိုင်ကတော့ အစိုးရ တင်ဒါ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်နယ်ထဲမှာ လုပ်တဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်လို့ စစ်ဆေးတာပါ။ ဒါတွေအရည်အသွေး မကောင်းရင် ပြည်သူတွေပဲ ခံရမှာလေ။ အဲဒါမှာ ဘာတွေ့လဲဆိုတော့ ဖုန်းတိုင်တွေကို တည့်တည့်မထောင်ထားတာ၊ တိုင်ကိုငုံပြီးတော့ မြေကြီးထဲ ကွန်ကရစ် တပေခွဲလောင်းရမယ့် နေရာမှာ မြေကြီးထဲမှာ မလောင်းဘဲ မြေပေါ်မှာပဲ ၆ လက်မ လောင်းထားတာတွေ တွေ့ရပါတယ်။ ကုမ္ပဏီကိုခေါ်ပြီး သတိပေးထားပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်က ပြည်နယ်အားကစားရုံတည်ဆောက်ရာမှာ တင်ဒါမှာပါတဲ့ ပုံစံအတိုင်းမလုပ်ထားဘူးလို့လည်း သူက ဆက်ပြောပါတယ်။ ၁၅ ပေခြားထည့်ရမယ့် သံတိုင်တွေကို ပေ ၂၀ ခြားထည့်ထားတာ၊ ကြမ်းခင်းမှာလည်း ပုံစံအတိုင်း မတည်ဆောက်တာတွေ ရှိနေလို့ ဝန်ကြီးချုပ်ကို စာနဲ့ ပေးပို့တင်ပြထားတယ်လို့ ဆိုပါတယ်။ “ဒါနဲ့ဆို ဒီလို တင်ပြတာ ၄ ကြိမ်ရှိပြီ။ အစိုးရကတော့ ကျနော်တို့ ကော်မတီကို စာပြန်တာ မရှိဘူး။ ကုမ္ပဏီတွေကတော့ သူတို့ပြင်ဆင်တယ်ဆို ပြန်ပြောတာ ရှိတယ်။ အစိုးရအနေနဲ့ ကျနော်တို့ စစ်ဆေးတွေ့ရှိတဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့ လိုပါတယ်” လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။ တင်ဒါသတ်မှတ်ချက်စာချုပ်ပါအချက်တွေအတိုင်း အရည်အသွေးပြည့်အောင် တာဝန်ယူ၊ တာဝန်ခံ မလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ၊ ဝန်ထမ်းတွေကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ ထိထိရောက်ရောက် အရေးယူသွားဖို့  ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပြီး အဲဒီအဆိုဟာ အောင်မြင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024