Home
ဆောင်းပါး
ခြေခင်းလက်ခင်း သာချိန်တန်
ရွှေအောင်
·
October 13, 2018
မိုးလေ၀သဆရာတွေအဆိုအရတော့ အခုလို အောက်တိုဘာလမှာ ဘင်္ဂလားပင်လယ်အော်ထဲ မုန်တိုင်းတွေဖြစ်ပြီး မိုးရနိုင်သေးတယ်လို့ သိရတယ်။ တကယ်လည်း ရန်ကုန်မှာ မိုးကောင်းတုန်းပဲ။ နေပူကျဲကျဲနဲ့ မိုးရွာချလားရွာချနဲ့ ပူလိုက်အေးလိုက်ဖြစ်ပြီး ရာသီဥတုဒဏ် မခံနိုင်တဲ့သူတချို့လည်း ဖျားကြနာကြတာ တွေ့မြင်ရတယ်။ ခုလိုကာလမှာ မိုးတိမ်တောင်တွေကြောင့် မိုးကြိုးပစ်တာတွေလည်း မကြာခဏဖြစ်ပြီး လူအသေအပျောက်ရှိတဲ့ သတင်းတွေလည်း စိတ်မကောင်းစွာနဲ့ ဖတ်ရကြားရပြန်တယ်။ မြန်မာစာတွေထဲမှာတော့ တော်သလင်းလဆိုတာ “တော်” ဆိုတဲ့ “မြင့်မြတ်သည်၊ အထွတ်အထိပ်ဖြစ်သည်၊ အထက်ကောင်းကင် ဖြစ်သည်”။ “သလင်း” ဆိုတဲ့  “သာလင်း” ကလာတဲ့ “သာယာထွန်းလင်းသည်” ဆိုပြီး တော်သလင်းကို မိုးကောင်းကင် ကြည်လင်ထွန်းတောက်သော အချိန်လို့ သတ်မှတ်ယူဆတယ်လို့ ဖတ်ဖူးမှတ်ဖူးပါရဲ့။ တော်သလင်းနေပုစွန်သေ၊ တော်သလင်းမိုး ကန်သင်းကျိုး ဆိုတဲ့ ဆိုရိုးစကားတွေအရ ရာသီဥတုပြင်းထန်ပြီး အစွန်းရောက်ရာသီလို့ သိရပြန်သလို ကိုယ်တိုင်လည်း ကြုံတွေ့ဖြတ်သန်းနေရတယ်။ ဒီအချိန်ဒီကာလမျိုးမှာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုင်ရာ ကောင်းသတင်းတွေ ထွက်ပေါ်ပြီး သတင်းကောင်းတွေကို ပြန်လည်ဝေမျှလိုစိတ်လည်း ဖြစ်တာကြောင့် သိသမျှကြားသမျှ စုစည်းတင်ပြပါမယ်။ အောက်တိုဘာ ၅ ရက်ညနေဘက်မှာ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကနေ ထွက်ပေါ်ခဲ့တဲ့ သတင်းစကားတွေက စ ပြောပြပါမယ်။ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးရဲ့ ပုံမှန်လုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုရှင်းလင်းချက်တွေအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့က ထိပ်သီးခေါင်းဆောင်တွေတက်မယ့် နိုင်ငံရေးဆွေးနွေးပွဲတခုကို မန္တလေးတိုင်း၊ ပုပ္ပားမှာ အောက်တိုဘာလထဲ  ၅ ရက်ကြာလုပ်မယ်။ ၅ ရက်ကြာ ဆွေးနွေးပွဲမှာ အချက်ငါးချက်ကို အဓိကထား ဆွေးနွေးကြမယ်။ နံပါတ်တစ်အချက်အနေနဲ့ လာမယ့်ပင်လုံညီလာခံ ကျင်းပမယ့်ရက်နဲ့ နေရာအစီအစဉ်တကျဖြစ်ဖို့ ဆွေးနွေးမယ်။ နံပါတ်နှစ် နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ကိစ္စရပ်တွေ ကျော်လွှားနိုင်ဖို့ ဆွေးနွေးကြမယ်။ နံပါတ်သုံးက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ပြင်ဖို့ ဆွေးနွေးမယ်။ နိုင်ငံရေးအရ အရေးကြီးတဲ့ကိစ္စရပ်တွေကို ထိပ်သီးခေါင်းဆောင်တွေအကြား သဘောတူညီချက်တွေ ချမှတ်ပြီး ဆက်လက်ဆောင်ရွက်လို့ရမယ့် နည်းလမ်းရှာကြမယ်။ နံပါတ်ငါးအချက်ကတော့ ဆွေးနွေးညှိနှိုင်းလို့ ရတာတွေကို သဘောတူညီချက်ရတဲ့အထိ ဆုံးဖြတ်ချက်ချမယ်။ သတင်းတွေအရ ပုပ္ပားဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ် ၁၀ ဦး၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တော်လျန်ရေး တပ်ဖွဲ့တို့ဘက်က ကိုယ်စားလှယ် ၁၀ ဦး အချိုးကျ ပါဝင်ဆွေးနွေးကြမယ်လို့ သိရတယ်။ ပုပ္ပားဆွေးနွေးပွဲကို မီဒီယာသတင်းယူခွင့်ပေးမှာမဟုတ်ဘဲ ဆွေးနွေးပွဲအပြီး တပတ်အတွင်းလုပ်မယ့်  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးကျမှပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသိပေးမယ်လို့လည်း တဆက်တည်း သိရပါတယ်။ ပုပ္ပါးမှာ ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ သတင်းမထွက်ခင်ကတည်းက အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်နေပြီး ဘာတွေ ဆွေးနွေးနေကြသလဲ ဆိုတာကိုတော့ မီဒီယာကို ထုတ်ပြောတာမရှိဘူး။ အလားတူပဲ တိုင်းရင်းသားတွေဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့အချက်တွေကို ဘယ်လိုကျော်လွှားကြမလဲဆိုပြီး အပစ်ရပ်တပ်ဖွဲ့ ၁၀ ခုအလိုက် ဆွေးနွေးနေကြသလို တပ်ဖွဲ့တခုချင်းရဲ့ ညီလာခံတွေမှာလည်း ဆွေးနွေးခဲ့ကြတယ်။ နှစ်ဘက်စလုံးမှာ အဓိကကျော်လွှားဖို့ ရှိနေတဲ့အချက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရဆိုတဲ့ အတွဲလိုက်ကိစ္စရပ်ဖြစ်ပြီး ဒီကိစ္စကို မကျော်လွှားနိုင်ရင် ဒီနှစ်ထဲလုပ်ဖို့ရှိတဲ့ ပင်လုံညီလာခံကို အောင်အောင်မြင်မြင် လုပ်နိုင်မှာမဟုတ်တဲ့ အခြေအနေဆိုက်ရောက်သွားနိုင်တယ်။ အရေးကြီးတဲ့အချက်တွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေစုံပြီး သဘောတူညီချက်ကြိုတင်ရထားလိုက်ရင် ဒီနှစ်ထဲလုပ်မယ့် ပင်လုံ၊ နောက်နှစ်ထဲလုပ်ဖို့ရှိတဲ့ ပင်လုံနှစ်ကြိမ်တို့ ရှောရှောရှုရှုနဲ့ အောင်အောင်မြင်မြင်ဖြစ်သွားနိုင်တယ်။ ဒီလိုတွေးတော စဉ်းစားချက်တွေအရ အခု ပုပ္ပားဆွေးနွေးပွဲ ထွက်ပေါ်လာတာဖြစ်ပြီး ပြောရရင် နောင်လာမယ့် ပင်လုံညီလာခံတွေ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီးလုပ်တာပဲဖြစ်တယ်။ ဒီနှစ် ဇူလိုင်လထဲ လုပ်ခဲ့တဲ့ မအောင်မြင်တဲ့ တတိယပင်လုံကို နမူနာယူပြီး နောင်လာမယ့် ပင်လုံညီလာခံတွေ အဆင်ပြေချောမွေ့အောင် ကြိုတင်ပြင်ဆင်တဲ့ ပုပ္ပားဆွေးနွေးပွဲလို့လည်း ပြောရပါတယ်။ တတိယပင်လုံမှာ ဆွေးနွေးခွင့်မရခဲ့ကြတဲ့ လုံခြုံရေးကဏ္ဍလို ကဏ္ဍမျိုးတွေ နောင်လာမယ့် ပင်လုံညီလာခံတွေမှာ ဆွေးနွေးခွင့်ရလာအောင် ကြိုတင်ညှိနှိုင်းကြမယ့် ပုပ္ပားဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ အခု လတ်တလော ထွက်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲ သတင်းတွေအရတော့ ပုပ္ပားဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်မှာ လုပ်ဖို့ အစိုးရဘက်က အဆိုပြုထားပြီး တိုင်းရင်းသားတို့ဘက်က သူတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ နဲ့ ၁၁ ရက်တို့မှာလုပ်ပြီး အဖြေပေးမယ်။ လောလောဆယ် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ရလဒ်ကောင်းများ ရရှိရေး ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရန် လိုအပ်နေသေးလို့ အကြောင်းပြပြီး ဆွေးနွေးပွဲကျင်းပမယ့်ရက် နောက်ဆုတ်ဖို့ ထုတ်ပြောနေတယ်။ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့ အများစုကတော့ အစိုးရအဆိုပြုတဲ့ အောက်တိုဘာ ၁၅ ရက်မှာ ဆွေးနွေးပွဲတက်ဖို့ အားတက်သရော ရှိနေကြတာ တွေ့မြင်ရပြီး တချို့တပ်ဖွဲ့ခေါင်းတချို့ကဆို ရတောင့်ရခဲ ဆွေးနွေးပွဲဆိုပြီး ၀မ်းမြောက်ဝမ်းသာဖြစ်နေကြတယ်။ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များရဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ပုပ္ပါးဆွေးနွေးပွဲ တက်မယ်ဆိုတဲ့သတင်းလည်း ကြားရတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို ၂၀၁၈ အတွင်း တကြိမ်၊ ၂၀၁၉ အတွင်း နှစ်ကြိမ် ပြုလုပ်ပြီး ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံတွေရရှိဖို့  ဆောင်ရွက်ရာမှာ အဆင်ပြေအောင်ဆိုပြီး နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ သီးသန့်အစည်းအဝေးလုပ်မှာဖြစ်လို့ တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်က အစိုးရအဆိုပြုတဲ့ရက်အတိုင်း အစည်းအဝေးတက်သင့်တယ်။တပ်မတော်ထိပ်သီးခေါင်းဆောင်ကိုယ်တိုင်တက်မှာဖြစ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အင်မတန်အရေးကြီးတဲ့ လုံခြုံရေးကဏ္ဍလိုကဏ္ဍမျိုးတွေနဲ့ပတ်သက်ပြီး အကျေအလည်းဆွေးနွေးကြဖို့ သင့်တယ်။မျှော်တုန်းကျော့ဆုံးရောက်လာဆိုသလို အများပြည်သူမျှော်လင့်နေတုန်း တပြည်လုံးငြိမ်းချမ်းရေးရအောင် အညာမြေရဲ့အိုအေစစ်ဖြစ်တဲ့ ပုပ္ပါးမြေမှာအောင်ပွဲဆင်နိုင်ကြစေလိုတယ်။ ဒီစာရေးနေတုန်း အခု နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ အစိုးရ၊လွှတ်တော်၊တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ခုတို့က ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို နေပြည်တော်မှာပဲ လုပ်မယ်လို့ သိရတယ်။အောက်တိုဘာ ၁၃၊၁၄မှာ အကြိုညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ပြီး ၁၅၊၁၆၊၁၇ မှာ ထိပ်သီးအစည်းအဝေးလုပ်မယ်၊ဒီလိုသတင်းတွေထွက်ပြီး ဆွေးနွေးမယ့်နေရာ အပြောင်းအလဲဖြစ်တာကလွဲပြီး ဆွေးနွေးမယ့်အကြောင်းအရာ မပြောင်းဘူးလို့ နားလည်ရတယ်။အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေတက်ကြမယ့် အစည်းအဝေးဖြစ်လို့ ဘာထူးမလဲဆိုပြီး စောင့်ကြည့်နေကြတဲ့ ပြည်သူလူထုတွေရှိသလို ဘာမှထူးမှာလည်း မဟုတ်ပါဘူးလို့ စစ်မရောက်ခင်မြှားကုန်နေကြတဲ့ ပရိသတ်လည်း ရှိနေမယ်။ထူးတာတခုလို့ ပြောနိုင်တာကတော့ အရင်လို အန်စီအေစာချုပ်သုံးနှစ်ပြည့်အခမ်းအနားဆိုတာလောက်နဲ့ ပြီးမသွားဘဲ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးဆိုတာဖြစ်ထွန်းပေါ်ပေါက်လာတာပဲဖြစ်တယ်။အန်စီအေနှစ်ပတ်လည်နေ့ဆိုပြီးအခမ်းအနားလုပ်၊ခေါင်းဆောင်တွေတက်မိန့်ခွန်းပြောဆိုတာထက်တော့ အနှစ်သာရပိုရှိမယ် မျှော်မှန်းကြည့်လို့ရလာတာလည်း မဆိုးဘူးလို့ ပြောရမှာပါပဲ။ရာသီပြောင်းချိန်မှာ နေပူကျဲကျဲမှာ မိုးရွာချတုန်းဖြစ်သလို မနက်မနက် ဆောင်းလေအေးအေးကလည်း တဖြည်းဖြည်း တိုးဝင်တိုက်ခတ်လာနေတယ်။မကြာခင် ပွင့်လင်းရာသီရောက်တော့မယ်။ခြေခင်းလက်ခင်း သာတော့မယ်အချိန်ရောက်ပါတော့မယ်။မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ် ခြေခင်းလက်ခင်းသာချိန်တန်ပြီလို့လည်း အတွေးရောက်တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024