Home
မြန်မာသတင်း
စက်သုံးဆီဈေးမြင့်တက်၍ မုံရွာမြို့က ယာဉ်လိုင်းများ အဆင်မပြေဖြစ်နေ
Aung Ko Latt
·
October 11, 2018
မုံရွာမြို့အခြေစိုက် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ယာဉ်လိုင်းအားလုံး စက်သုံးဆီဈေးနှုန်း မြင့်တက်နေလို့ အဆင်မပြေဖြစ်နေကြပြီး အချို့ကုန်တင်ယာဉ်တွေ ရပ်နားထားရပါတယ်။ မုံရွာအခြေစိုက် အောင်ကျော်မြင့် ကုန်တင်ကားဂိတ်ပိုင်ရှင် ကိုကျော်မင်းထွန်းက “ဒီလိုဖြစ်နေတာ ကျနော်တို့ ၁ ဂိတ်ထဲတော့မဟုတ်ဘူး။ တနိုင်ငံလုံးမှာရှိတဲ့ ဂိတ်တွေအားလုံးလည်း ဆီဈေးအပေါ်မှာ သက်ရောက်မှုက အကုန်လုံးခံရတာပါ။ ကျနော်တို့ဆို အလုပ်ဖြစ်ရုံလောက်ပဲ။ အရင်က ၁ ခေါက်ကို ၆ သောင်း၊ ၇ သောင်းလောက်ကျန်တဲ့ ကားက အခုဆို ၁ သောင်းခွဲကနေ ၃ သောင်းလောက်ပဲ ကျန်တယ်။ အခေါက်ရေကျသွားတာမဟုတ်ဘူး။ ဆီဈေးတက်လို့ အကျန်နည်းတာ။ တန်ဆာခလည်း တိုးလို့မရဘူး။ ကြားထဲ အင်ဂျင်လဲ၊ တာယာကွဲဆိုရင် သွားပြီ။ တချို့ကားတွေဆို ရပ်ထားတာတွေတောင် ရှိနေပြီ” လို့ ဆိုပါတယ်။ လက်ရှိမှာ ရာသီဥတုကြောင့်လည်း ကုန်စည်စီးဆင်းမှုနှေးကွေးနေပါတယ်။ ကုန်တင်ကားတွေတင်မက ခရီးသည်တင်ကားတွေလည်း ၁ဝ ရာခိုင်နှုန်း ဈေးတက်သွားပါတယ်။ သိသိသာသာ လက်မှတ်ဈေးတက်သွားတာက မုံရွာ၊ ရန်ကုန်ပြေးဆွဲနေတဲ့ ကားတွေဖြစ်ပြီး အရင်ဈေးထက် ၂၅ဝဝ ကျပ်ဝန်းကျင် တက်သွားတာပါ။ ဒါ့အပြင် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေလည်း ၁ဝဝဝ ကျပ်ကနေ ၃ ထောင်ကျပ်ထိ ဈေးတက်သွားပါတယ်။ ဈေးတက်တဲ့အပေါ်မှာ ခရီးသည်တွေက ဝေဖန်တာတွေလည်း ရှိနေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေက ဒီတိုင်းဆက်တက်နေမယ်ဆိုရင် အလားအလာမကောင်းဘဲ ဈေးကွက်ကမောက်ကမတွေ ဖြစ်သွားနိုင်တာကြောင့် ဆီးဈေးပြန်ကျပြီး တည်တည်ငြိမ်ငြိမ်နဲ့ သွားမှသာ အကောင်းဆုံးဖြစ်မယ်လို့ ကားပိုင်ရှင်တွေကတော့ ပြောဆိုနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024