Email This Story :
အမေရိကန် ဧဝံဂလိ တရားဟောဆရာ အင်ဒရူးဘရွန်ဆင်ကို တူရကီတရားရုံးက နောက်တကြိမ် ကြားနာမှု အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်ဆိုရင် ဒါဟာ တူရကီနိုင်ငံအတွက် လုပ်သင့်တာကို လုပ်လိုက်တာပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပယ်အိုက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
တရားဟောဆရာ ဘရွန်ဆင်ရဲ့လွတ်မြောက်မှုဟာ အမေရိကန်-တူရကီ ဆက်ဆံရေး အတွက် အရေးကြီးတဲ့ခြေလှမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဘရွန်ဆင်ရဲ့အမှုဟာ တူရကီနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ အခွန်ကောက်ခံတာတွေကနေ အစပျိုးလိုက်တဲ့ ၂ နိုင်ငံကြား ပိုဆိုးရွားလာတဲ့ သံတမန်ရေး အငြင်းပွားမှုမှာ သဘောထားအကွဲဆုံးကိစ္စ ဖြစ်လာပါတယ်။
ဘရွန်ဆင်ဟာ တူရကီနိုင်ငံမှာ ၂၀၁၆ ခုနှစ်တုန်းက မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ ကာဒစ်ရှ်သူပုန်တွေ၊ တူရကီအစိုးရက ပြစ်တင်ထားတဲ့ ဘာသာရေးဆရာ ဖှီသူလာ ဂူလန်ကို ထောက်ခံသူတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။
ဒီစွပ်စွဲချက်ကို ဘရွန်ဆင်ရော၊ ဂူလန်ကရော ငြင်းဆန်ထားပြီး အမေရိကန်အစိုးရကတော့ ဘရွန်ဆင်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
၂၀၁၆ အောက်တိုဘာကတည်းက နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဘရွန်ဆင်ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃၅ နှစ်ထိ ပြစ်ဒဏ်ကျခံနိုင်ပါတယ်။
အမေရိကန်အစိုးရရဲ့ ဖိအားပေးခံနေရပေမယ့်လည်း သူဟာ တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို၊ ဘရွန်ဆင်ရဲ့ ကံကြမ္မာကိုလည်း တရားရုံးတွေက ဆုံးဖြတ်ပါလိမ့်မယ်လို့ တူရကီသမ္မတ တေယစ်ပ် အယ်ဒိုဂန်က ပြောပါတယ်။