Home
မြန်မာသတင်း
မြန်မာ့ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး၏ရုပ်တုထုလုပ်
နန်းမြနဒီ
·
October 11, 2018
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့မှာ မြန်မာနိုင်ငံ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ပုံတူ ကြေးသွန်းရုပ်တု စိုက်ထူဖို့ စီစဉ်ထားရာမှာ ရုပ်တု ပြီးစီးလုနီးပါးဖြစ်နေပြီး လာမယ့် ၃ ရက်အတွင်း ညောင်ရွှေမြို့ကို သယ်ဆောင်လာဖို့ ရှိနေ ပါတယ်။ အမြင့် ၆ ပေ ၃ လက်မရှိ စော်ဘွားကြီး ရုပ်တုကို မန္တလေးမြို့ ဓမ္မဝတီရပ်ကွက်ရှိ ဦးဝင်းမောင်-ဒေါ်ညွန့်မေ ကြေးသွန်းလုပ်ငန်းမှာ အပ်နှံထားတာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၃ ရက်ကျရင် ညောင်ရွှေကို သယ်ဆောင်လာမှာဖြစ်ပါတယ်။ ညောင်ရွှေဟော်နန်း (ယခု ပြတိုက်) ရှေ့မှာ ၆ ရက်ထားရှိပြီး ဖောင်တော်ဦးဘုရား ဖူးမြော်ပြီးတာနဲ့ စော်ဘွားကြီးရဲ့ ဂူဗိမာန်မှာ ထာဝရစိုက်ထူဖို့ သယ်ဆောင်သွားမယ်လို့ စော်ဘွားကြီးရဲ့ သမီးဒေါ် စဝ်ဟေမာသိုက်က သတင်းထောက်တွေကို ပြောပါတယ်။ “၁၃ ရက်နေ့ သွားယူလာပြီးမှ ညောင်ရွှေဟော်နန်းအရှေ့ဘက်မှာ ၁၈ ရက်နေ့အထိ ၆ ရက်ထားထားမယ်။ ဖောင်တော်ဦးဘုရားက ၁၆ ရက်နေ့ ညောင်ရွှေကိုကြွလာမှာလေ။ ခမည်းတော် သမ္မတကြီး အသက်ရှင်တုန်းကဆိုရင် ဘုရားကိုဟော်နန်းပေါ်ပင့်ပြီး ဆွမ်းကပ်လေ့ ရှိတယ်။ အဲလိုမလုပ်နိုင်တာ နှစ်ပေါင်းအတော်ကြာလို့ ဒီတနှစ်တော့ ဟော်နန်းရှေ့မှာ ရုပ်တု ထားပြီး ဖောင်တော်ဦးဘုရားကြွလာရင် ဆွမ်းကပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။” အဲဒီနောက် ၁၉ ရက်နေ့ မနက် ၉ နာရီမှာ ဟော်နန်းကနေ မင်္ဂလာရပ်ကွက်ထဲရှိ စော်ဘွားကြီး ဂူဗိမာန်ရှိရာကို အခမ်းအနား၊ အတီးအမှုတ်တွေနဲ့ စီတန်းလှည့်လည်သယ်ဆောင် လာပြီး  ကြာကန်ရဲ့ အလယ်မှာ ရုပ်တုကို စိုက်ထူမယ်လို့ သူမက ဆက်ပြောပါတယ်။ စော်ဘွားကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မ    တ၊ ညောင်ရွှေဒေသရဲ့ အရှင်သခင်၊ သမိုင်းဝင် ပင်လုံစာချုပ်ဖြစ်မြောက်ရေး လုံးပန်းခဲ့သူအဖြစ် နောင်လာနောက်သားတွေ သိရှိစေဖို့ ရုပ်တုကို စိုက်ထူရခြင်းဖြစ်ကြောင်း၊ ရုပ်တုစိုက်ထူဖို့ အန်အယ်လ်ဒီလွှတ်တော်အမတ် ဦးနေမျိုးက စတင်အကြံပြုကာ ရှမ်းပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်တုဖြစ်မြောက်ရေးအတွက်  ညောင်ရေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ စည်ပင် သာယာ၊ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဆွေတော်မျိုးတော်တွေပါဝင်တဲ့ ကော်မတီ တရပ်ဖွဲ့ခဲ့ပြီး အလှူငွေတွေကိုလည်း ညောင်ရွှေမြို့သူမြို့သား၊ စော်ဘွားကြီးရဲ့ ဆွေမျိုးတော်တွေ၊ NLD နဲ့ SNLD လွှတ်တော်အမတ်တွေ ဝိုင်းဝန်းထည့်ဝင်ခဲ့ကြပါတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ဟာ  ညောင်ရွှေစော်ဘွားမင်းဆက် ၃၃ ဆက်မြော က် ဆက်ခံသူဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၈၉၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ မွေးဖွားကာ ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ နတ်ရွာစံခဲ့ပါတယ်။ သက်ရှိထင်ရှားရှိစဉ်က စော်ဘွား၊ မြန်မာနိုင်ငံပထမဆုံးသမ္မတ၊ လူမျိုးစုလွှတ်တော်နာ ယက စတဲ့တာဝန်တွေထမ်းဆောင်ခဲ့ပြီး ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအာဏာ သိမ်းတဲ့အခါ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ စော်ဘွားကြီးရဲ့ မဟာဒေဝီမှာ သိန္နီစော်ဘွားရဲ့နှမတော် စဝ်နန်းဟိန်းခမ်းဖြစ်ပြီး သားတော်သမီးတော် ၈ ဦး ဖွားမြင်ပါတယ်။ စော်ဘွားကြီး ဖမ်းဆီးခံရတဲ့နောက် မဟာဒေဝီမှ တောခိုပြီး ရှမ်းပြည်တပ်မတော်ကို ထူထောင်ကာ စစ်အစိုးရကို ဦးဆောင်တော်လှန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024