ကုလဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ပိုဝဲလ်ကို ခန့်အပ်ရင် စဉ်းစားနေဟု ထရမ့်ပြော

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ ငွေကြေးလုပ်ငန်းဆိုင်ရာ ဌာနကြီးရဲ့ အကြီးအကဲဟောင်းလည်းဖြစ်၊ အိမ်ဖြူတော် အကြံပေးဟောင်းလည်းဖြစ်တဲ့ ဒီနာဟတ်ဘိဘ် ပိုဝဲလ်ကို အစားထိုးခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၉  ရက်မှာ ပြောပါတယ်။ သမ္မတ ထရမ့်ဟာ အိုင်အိုဝါပြည်နယ်က အခမ်းအနားတခု တက်ရောက်ဖို့ အိမ်ဖြူတော်က မထွက်ခွာခင်မှာ သတင်းထောက်တွေကို ပြောသွားတာဖြစ်ပါတယ်။ ပိုဝဲလ်ဟာ ထရမ့် အစိုးရအဖွဲ့သက်တမ်း ပထမတနှစ်မှာ မဟာဗျူဟာဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အရှေ့အလယ်ပိုင်းဒေသမှာ သံတမန်ရေး ကြိုးပမ်းမှုတွေမှာ အဓိက ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် ဒီနှစ်အစောပိုင်းမှာ သူဆယ်နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ Goldman sachs လုပ်ငန်းဆီ ပြန်ပြီးတာဝန်ထမ်းဆောင်ခဲ့တာပါ။ Powell ဟာ အရင် ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘွတ်ရှ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အဆင့်မြင့်အရာရှိတဦးလည်း ဖြစ်တယ်လို့ ဟားဗတ် ကန်နတ်ဒီကျောင်းက ပြောထားပါတယ်။ လက်ရှိ အမေရိကန် ကုလသမဂ္ဂသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နစ်ကီဟာလေဟာ  ဒီနှစ်ကုန်ရင် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာထားတာပါ။ နစ်ကီဟာလေ နုတ်ထွက်မယ့်ကိစ္စကို သမ္မတရဲ့ ဘဲဥပုံရုံးခန်းမှာ အင်္ဂါနေ့မနက်ပိုင်းက ဆွေးနွေးခဲ့ကြပါတယ်။ အခု ဒီရာထူးအတွက် Powell ကို စဉ်းစားနေကြောင်း ကြေညာလိုက်တဲ့အတွက် ထရမ့်ရဲ့သမီး အီဗန်ကာအတွက် လျာထားတယ်ဆိုပြီး ထင်ကြေးတွေ လွဲသွားပါတယ်။ အီဗန်ကာဟာ ဒီရာထူးအတွက် အရည်အချင်း ရှိပေမယ့် သူ့သမီးကို ရွေးချယ်လိုက်ရင် ထရမ့်ဟာ ဆွေမျိုးကောင်းစားရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ဖြေရှင်းနေရမယ်ဆိုပြီး သတင်းထောက်တွေကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up