တောင်ကြီး တန်ဆောင်တိုင် ပွဲခင်းဈေးတင်ဒါ ကျပ်သိန်း ၃၄၀၀ ကျော်ရရှိ
DVB
·
October 10, 2018
ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အောင်မြင်စေဖို့ ပွဲခင်းဈေးတင်ဒါ ခေါ်ရွေးချယ်ပွဲမှာ ကျပ်သိန်းပေါင်း ၃၄၀၀ ကျော်ရရှိတယ်လို့ အောက်တိုဘာ ၈ ရက်နေ့က ရှမ်းပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့တဲ့ တင်ဒါရွေးချယ်ပွဲမှ သိရပါတယ်။
ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံက “နှစ်စဉ် တင်ဒါခေါ်စနစ်နဲ့ပြုလုပ်ပြီး တင်ဒါရွေးချယ်ခံရသူအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေမလိုက်နာပါက အရေးယူမယ်” လို့ ဆိုပါတယ်။
တင်ဒါကို အရင်နှစ်လိုမတူဘဲ ပွဲးခင်းဈေးအတွက် ယာဉ်ရပ်နားစခန်း (၃)ခု၊ ပျံကျဈေး ကောက်လုပ်ငန်း၊ ဈေးဆိုင်ခန်း၊ အရောင်းပြခန်း ချားရဟန်းနဲ့ ကလေးကစားကွင်းလုပ်ငန်း ခေါင်းစဉ် ၅ ခုနဲ့ တင်ဒါခေါ်တဲ့အတွက် ပုဂ္ဂိုလ်တဦးတည်း ရရှိတာ မဟုတ်ဘဲ ရွေးချယ်ခံရသူ ၃ ဦး တင်တာရရှိခဲ့တာဖြစ်ပါတယ်။
အရင်နှစ်က ပွဲခင်းတခင်းလုံးကို တင်ဒါဈေး ကျပ်သိန်း ၂၈၀၀ ကျော်သာ ရရှိပေမယ့် ဒီနှစ် မှာ သိန်း ၃၄၀၀ ကျော် ရရှိခဲ့တာပါ။
တင်ဒါကြမ်းခင်းဈေး မြင့်ပေမယ့် ယာဉ်ရပ်နားခွင့် ဆိုင်ကယ်တစီး ၁၀၀၀ ကျပ်နဲ့ ကားတစီး ၃၀၀၀ ကျပ်သာကောက်ခံဖို့သတ်မှတ်ပြီး ပိုကောက်ပါက အရေးယူသွားမယ်လို့ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး ၉ ရက်ကျင်းပမှာကို ရက်ထပ်တိုးဖို့ အစိုးရစီစဉ်နေကြောင်း သိရပါတယ်။
ခွန်ရာဇာ