အောင်ရဲလင်း၊ သက်မွန်မြင့်ပါဝင်သည့် အဝေးချစ်ရုပ်ရှင် ကြည့်ရှုသူ ၁ သန်းခွဲခန့်ရှိပြီ (နမူနာ)
DVB
·
October 10, 2018

သရုပ်ဆောင် အောင်ရဲလင်းနဲ့ သက်မွန်မြင့်တို့ အဓိကခေါင်းဆောင်ပါဝင်ထားကြတဲ့ အဝေးချစ်အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့်အောက်တိုဘာ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး ပုညခင်ရဲ့ ၀တ္ထုကို ရာဇ၀င်ကိုက ဇာတ်ညွှန်းခွဲထားကာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ထူးခြားတဲ့ ဇာတ်လမ်းတွေ ဖန်တီးတတ်တဲ့ စာရေးဆရာမ ပုညခင်ဟာ ဒီဝတ္ထုထဲမှာ ဘယ်လိုဇာတ်ကောင်တွေနဲ့ ပုံဖော်ရေးဖွဲ့ထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ချစ်သူတွေကြားမှာ အသက်အရွယ် ကွာဟမှုက အဓိကမကျဘဲ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတခုသာ ဖြစ်တယ်ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ချစ်သူထက် အသက် ၈ နှစ်ပိုကြီးပေမယ့် ကလေးဆန်ပြီး ဗိုလ်ကျတတ်တဲ့ တေးသီသူ ဆိုတဲ့ ကောင်မလေးနေရာမှာ သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်၊ ချစ်သူထက် ၈ နှစ် ငယ်ပေမယ့် တည်ငြိမ်ရင့်ကျက်ပြီး ချစ်သူအပေါ် နားလည်ခွင့်လွှတ်တတ်သူ နေညိုညချမ်းအဖြစ် အောင်ရဲလင်းတို့က ဒီကားထဲမှာ အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ တခြားသရုပ်ဆောင်မင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ ထွန်းကိုကို၊ သန္တာဗိုလ်တို့နဲ့အတူ ဇာတ်ပို့ဇာတ်ရံတွေအများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သက်မွန်မြင့်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာတို့ဟာ ပရိသတ်အားပေးမှုရှိပြီးသား သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်တာမို့ ဒီရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ် ပေါ်မှာ မထွက်ခင်ကတည်းက နာမည်ကြီးနေပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။