အိန္ဒိယတွင် ယောက်ျားလေးအုပ်စု ရိုက်နှက်မှုကြောင့် ကျောင်းသူ ၃၄ ဦး ဆေးရုံတင်ရ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ယောကျာ်းလေးတွေရဲ့ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် ကျောင်းသူ ၃၄ ဦးကို ဆေးရုံတင်ပို့ ကုသခဲ့ရပါတယ်။ အောက်တိုဘာ ၆ ရက်နေ့က ဘီဟာပြည်နယ် အရှေ့ပိုင်း ဘော်ဒါကျောင်းတခုမှာ ယောကျာ်လေး တစုနဲ့ သူတို့ရဲ့ အမေတွေ၊ အိမ်နီးချင်းတွေ ၀ိုင်းဝန်းရိုက်နှက်တာကြောင့် အသက် ၁၂ နှစ်ကနေ ၁၆ နှစ်ကြား မိန်းကလေးတချို့ကို ဆေးရုံတင်ခဲ့ရပါတယ်။ အဆိုပါ ယောက်ျားလေးတွေဟာ ပထမတရက်ကလည်း မိန်းကလေးတွေကို နှောင့်ယှက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ “သူတို့က နံရံပေါ်မှာ ညစ်တီးညစ်ပတ်စာတွေ ရေးတယ်။ အဲဒါနဲ့ မရေးနဲ့လို့ ပြောတာကို သမီးတို့ကို ၀ိုင်းရိုက်ကြတယ်” လို့ ရိုက်နှက်ခံရသူ မိန်းကလေးကပြောပါတယ်။ “ကလေး ၇ ယောက် ၈ ယောက်လောက် ဒီကို ရောက်လာတယ်။ အခြေအနေကတော့ တည်ငြိမ်သွားပါပြီ။ တချို့ ဆံပင် ဆောင့်ဆွဲခံရတယ်။ တချို့က ထိုးကြိတ်ခံရတယ်။ ဒီတော့ ပြင်ပဒဏ်ရာတွေရပြိး ရောင်ရမ်းနေပါတယ်။  ခြေကျိုး လက်ကျိုးနဲ့ အတွင်း ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး” လို့ ဆရာဝန် ပရက်ကတ်ရှ် ကူးမားက ပြောပါတယ်။ ဒီနှစ် အစောပိုင်းကလည်း ဘီဟာပြည်နယ်ဂေဟာတခုမှာ မိန်းကလေး ၃၀ ကျော် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ တိုက်ခိုက်ခံရမှုကလည်း တိုင်ချက်ဖွင့်ရာမှာ ကြန့်ကြာနေလို့ အောက်တိုဘာ ၈ ရက်နေ့ကမှ လူတွေ သိလာခဲ့ပါတယ်။ “ကနဦး တွေ့ရှိချက်တွေအရ နံရံပေါ်မှာ စာတွေ ရေးထားတာကို မိန်းကလေးတွေက မကြိုက်ကြောင်း ပြောတယ်။ ဖြစ်ပွားချိန်မှာ ရတဲ့ သတင်းအရ ဒေသခံ ကောင်လေးတွေက လူနည်းပါတယ်။ မိန်းကလေးတွေက လူပိုများတယ်။ အဲဒါကြောင့် သူတို့တွေ ခုခံကာကွယ်နိုင်တာ” လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ ယိတန်ဒရာ ကူးမားက ပြောခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမျိုးသမီး ၄ ဦးအပါအ၀င် လူ ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြင့်မားတဲ့ နိုင်ငံဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လထုတ် Thomson Reuters Foundation စစ်တမ်းက ဆိုပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up