Home
မြန်မာသတင်း
မူးယစ်ဆေးသတင်းအရ တရားခံပေါင်း ၅၀၀ ခန့် အရေးယူထားဟု သမ္မတရုံးထုတ်ပြန်
ပိုင်စိုး
·
October 9, 2018
နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးသတင်းတွေအရ အောက်တိုဘာ ၆ ရက် အထိ အမှုပေါင်း ၃၀၀ ကျော် ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံပေါင်း ၅၀၀ လောက် အရေးယူထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ဇွန်လနောက်ဆုံးပတ်ကနေ အခု အောက်တိုဘာလ ၆ ရက်အထိ မူးယစ်အမှု ၃၁၆ မှုနဲ့ အမျိုးသား ၄၁၇ ယောက်၊ အမျိုးသမီး ၈၂ ယောက်၊ စုစုပေါင်း ၄၉၉ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီတပတ်ထဲမှာ မူးယစ်အမှု ၁၄ မှုနဲ့ အမျိုးသား အမျိုးသမီး အယောက် ၂၀ ကို ထပ်ဖမ်းလိုက်တာဖြစ်ပြီး အင်းစိန်ထောင်ဝန်းထဲက ဝန်ထမ်းလိုင်းခန်းမှာ ရောင်းချနေတာကို လည်း ဖမ်းမိခဲ့တာပါ။ စုစပေါင်းဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ ၄၈၃၃ ဒသမ ၈၆ ဂရမ်၊ အိုက်စ် ၁၇ ဒသမ ၀၁ ဂရမ်၊ ဘိန်း ၃၇၅၆၉ ဒသမ ၀၁ ဂရမ်၊ ဘိန်းစာမှုန့် ၅၈၀၂ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်၊ ဘိန်းစာရွက် ၃၉၇၃ ဒသမ ၉၉ ဂရမ်၊ စိတ်ကြွဆေးပြား ၁၄၉၆၈၂ ပြား၊ ဆေးခြောက် ၃၃၇၃ ဒသမ ၀၄ ဂရမ် စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် သေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံးကိုလည်း သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခဲ့တဲ့နေရာတွေကတော့ ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာယာ၊ တာမွေ၊ အင်းစိန်နဲ့ တောင်ဥက္ကလာပ၊ စစ်ကိုင်းတိုင်း ဖောင်းပြင်၊ ရေဦး၊ မော်လိုက်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့ကနေ ဖမ်းဆီးခဲ့တာပါ။ ထူးခြားတာကတော့ ရန်ကုန် အင်းစိန်မြို့နယ် အင်းစိန်ထောင်ဝင်းထဲက ဝန်ထမ်း လိုင်းခန်းမှာ နေထိုင်ထိုင်သူဟာ မူးယစ်ဆေးဝါးရောင်းချနေတယ်လို့ သတင်းပို့လာတာကြောင့် ဝင်ရောက်ရှာဖွေရာမှာ လိုင်းခန်းမှာနေတဲ့ မျိုးမင်းနိုင် (ခ) ဝကြီးနဲ့ သူ့ဇနီးတို့ကို စိတ်ကြွဆေးပြားတွေနဲ့ အတူ ဖမ်းမိခဲ့တာပါ။ သီးခြားရရှိတဲ့ သတင်းတွေအရ ရှမ်းပြည်နယ် ကျိုင်းတုံ၊ ကွတ်ခိုင်၊ တာချီလိတ်၊ ရခိုင်ပြည်နယ် မောင်တော၊ သံတွဲ၊ ကရင်ပြည်နယ် လှိုင်းဘွဲ့၊ မန္တလေးတိုင်း မိုးကုတ်၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တို့မှာ နယ်မြေရှင်းလင်း ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အများဆုံး ဖမ်းဆီးမိတာတွေကတော့ ကွတ်ခိုင်က မိုးကုတ်မြို့ကို မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ သတင်းအရ ပိတ်ဆို့ရှာဖွေရာမှာ ဆိုင်ကယ် ၅ စီးကို လိုက်ဖမ်းပေမယ့် တရားခံတယောက်နဲ့အတူ စိတ်ကြွဆေးပြား ၁၂ သိန်းကျော်ဖမ်းမိခဲ့ပါတယ်။ မောင်းတောမြို့နယ်ထဲမှာ တရားခံမမိဘဲ စိတ်ကြွဆေးပြား ၃ သိန်းလောက် ဖမ်းမိတာတို့ ဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၃၀ ကနေ  အောက်တိုဘာ ၆ ရက်အထိ တပတ်အတွင်း သီးခြား ဖော်ထုတ်ဖမ်းဆီးတဲ့ မူးယစ်အမှု ၂၇၈ မှု၊ တရားခံ ကျား ၃၆၁ ယောက်၊ မ ၄၈ ယောက်၊ စုစုပေါင်း ၄၀၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၅၇၄၆ ဒသမ ၆၂ ဂရမ်၊ အိုက်စ် ၉ ဒသမ ၃၉ ဂရမ်၊ ဘိန်း ၁၁၁၆၉ ဒသမ ၇၃ ဂရမ်၊ စိတ်ကြွဆေးပြား ၁၉၀၁၀၃၃ ပြား၊ ဆေးခြောက် ၂၁၄ ဒသမ ၉၆ ဂရမ် စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် တားမြစ်ဆေးဝါးတွေ၊ သေနတ်မျိုးစုံ ၂ လက်၊ ကျည်မျိုးစုံ ၁၁၈ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး တို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့ အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024