မကွေးတိုင်းတွင် စက်တင်ဘာအတွင်း ယာဉ်မတော်တဆမှုကြောင့် ၂၆ ဦး သေဆုံး
DVB
·
October 9, 2018
အခု စက်တင်ဘာလအတွင်း မကွေးတိုင်းထဲမှာ ယာဉ်မတော်တဆမှုကြောင့် လူ ၂၆ ယောက် သေဆုံးခဲ့တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
မော်တော်ယာဉ်မတော်တဆမှု ၁၁၆ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆ ယောက်၊ ဒဏ်ရာရသူ ၁၆၄ ယောက်ရှိတာပါ။
ယာဉ်မောင်းသူရဲ့ ချွတ်ယွင်းချက်ကြောင့် ဖြစ်တာတွေထဲမှာ ဂရုမစိုက်၊ ပေါ့ပေါ့ဆဆ မောင်းတာက ၃၄ မှု နဲ့ အများဆုံးဖြစ်ပြီး သေဆုံးတာက ၄ ယောက်ရှိပါတယ်။
သေဆုံးနှုန်း အများဆုံးကတော့ မူးယစ်ပြီး မောင်းတာကြောင့် ဖြစ်ပြီး ၁၇ ကြိမ် ဖြစ်တာမှာ လူ ၆ ယောက် သေဆုံးခဲ့တာပါ။
မီးနီဖြတ်မောင်းလို့ မတော်တဆဖြစ်တာ ၇ ကြိမ်ရှိပြီး လူ ၂ ယောက်သေဆုံး၊ ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။