ABSDF တပ်ရင်း ၃ ထံမှ သေနတ်နှင့်လက်နက်ခဲယမ်းများ သိမ်းယူခံရ
DVB
·
October 8, 2018
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ၀ဲကြီးဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၃ ထံက လက်နက်ခဲယမ်းတွေကို ထုတ်ပယ်ခံရတဲ့ အဖွဲ့ဝင်ဟောင်း ကိုခင်ကျော် ဦးဆောင်တဲ့အဖွဲ့က သိမ်းယူသွားတယ်လို့ ကျောင်းသားတပ်ဖွဲ့ အတွင်းရေးမှူး (၁) ဦးမြင့်ဦးက ပြောပါတယ်။
“တပ်ရင်း ၃ မှာ စက်တင်ဘာလ ၁၈ ရက်နေ့က ကိုခင်ကျော်နဲ့အဖွဲ့က တပ်ရင်းမှူးလည်း မရှိဘူး။ ၃ တပ်ရင်းမှူးနဲ့ အခြားအရာရှိတွေ ညီလာခံသွားနေတဲ့အချိန် နောက်တပ်မှာလည်း အင်အားမရှိတဲ့အချိန် လာရောက်ပြီးတော့ သိမ်းယူသွားတယ်။ လက်နက်ကတော့ သေနတ် အလက် ၃၀ နဲ့ ခဲယမ်းမီးကျောက်တချို့ပါသွားတာပေါ့။”
ကိုခင်ကျော်ဟာ တပ်ရင်း ၃ ကိုလာရောက်စဉ် တပ်စိတ် ၂ စိတ်လောက်နဲ့ လာရောက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာတော့မရှိကြောင်းနဲ့ လက်နက်ခဲယမ်းတွေကို သူနေထိုင်တဲ့ ကေအန်ယူ တပ်မဟာ ၅ ဘက်ကို ယူဆောင်သွားကြောင်းလည်း ပြောပါတယ်။
ကိုခင်ကျော်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့ ကိစ္စတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး သူ့ကို ပြီးခဲ့တဲ့ ၂၀၁၄ ခု စက်တင်ဘာ ၅ ရက်ကတည်းက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ကိုခင်ကျော်ကို အချက် ၅ ချက်နဲ့ ကျောင်းသားတပ်ဖွဲ့ကနေ ထုတ်ပယ်ခဲ့တာလို့လည်း ဦးမြင့်ဦးက ပြောပါတယ်။
“နံပါတ် ၁ ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတပ်ဖွဲ့ (UPDF) ဆိုပြီးတော့ သီးခြားဖွဲ့ဖို့ကြိုးစားတယ်။ နံပါတ် ၂ အနေနဲ့က UPDF အဖွဲ့စည်းနဲ့ အစိုးရနဲ့ သီးခြား အပစ်အခတ် ရပ်စဲရေးလုပ်ဆောင်ဖို့ ကြိုးပမ်းမှု၊ နောက်အဖွဲ့အစည်းမှာ ချမှတ်တဲ့ လုပ်ငန်းနဲ့ စည်းကမ်းတွေကို သူမလိုက်နာဘူး။ အဖွဲ့အစည်း မပြိုကွဲအောင် ကြိုးပမ်းတယ်။ သူ့ကို အကြိမ်ကြိမ်ခေါ်ယူ တွေ့ဆုံဖို့ ပြောတော့လည်း သူက အတွေ့မခံဘူးပေါ့။ ဒါကြောင့် ကျနော်တို့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူးကနေပြီး ၂၀၁၄ စက်တင်ဘာ ၅ ရက်နေ့မှာ သူ့ကို ထုတ်ပယ်ခဲ့တာ။”
ကိုခင်ကျော်လက်နက်ခဲယမ်းတွေ ယူဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး ဗဟိုစစ်ကော်မရှင်ကို ကျောင်းသားတပ်ဖွဲ့က အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအန်ယူစစ်ရုံးချုပ်နဲ့ တပ်မဟာ ၅ တာဝန်ရှိသူတွေက အေဘီ အက်စ်ဒီအက်ဖ် တပ်ရင်း ၃ ခေါင်းဆောင်ကို ခေါ်ယူဖြေရှင်းပေးခဲ့ပြီး လက်နက်ခဲယမ်းတွေကို ယာယီထိန်းသိမ်းထားတယ်လို့ သိရပါတယ်။