ငါးဖမ်းပိုက်မျှောနေသည့် လင်မယား ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
DVB
·
October 8, 2018
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ကဇန်းဒေါင့် ကျေးရွာမှာ မနေ့ မနက် ၁၀ နာရီလောက်က မြစ်ထဲ ငါးဖမ်းပိုက်မျှောနေတဲ့ လင်မယား ၂ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားပါတယ်။
ကဇန်းဒေါင့်ကျေးရွာမှာနေထိုင်တဲ့ ကိုဝင်းကို (၂၄)နှစ်နဲ့ ဇနီး မစိုးသန္တာလင်း (၂၂)နှစ်တို့ ၂ ဦးဟာ ကဇန်းဒေါင့်မြစ်ထဲမှာ ပိုက်မျောနေတုန်း မိုးကြိုးပစ်ခံပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ပျဉ်းမကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
ပျဉ်းမကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်သန်းက “နားဖောက်ပြီးအတူနေကာစ ပဲရှိသေးတယ်။ ညားကစဆိုတော့ ကလေးမရသေးဘူး။ ကျနော်တို့ အတော်အံ့သြတယ်။ နှစ်ယောက်ပူး မိုးကြိုးပစ်ခံရပြီး သေတာ ဒီတခါပဲတွေ့ဖူးပါတယ်”လို့ ပြောပါတယ်။
မိုးကြိုးပစ်ခံရပြီးနောက် ကိုဝင်းကိုရဲ့ ရုပ်အလောင်းကို လှေပိုက်နဲ့ အတူပြန်လည်တွေ့ရှိ ခဲ့ပေမယ့်လည်း မစိုးသန္တာလင်းရဲ့ ရုပ်အလောင်းကိုတော့ မွန်းလွဲ ၂ နာရီလောက်မှ တာဝန်ရှိ သူတွေက ပြန်လည် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့သူ ၂ဦးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုနဲ့ပတ်သက်လို့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ် သက်ဆိုင်ရာ မြင်းကကုန်းနယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်ဆောင်ရွက်နေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ မိုးဦးကျကာလကနေ အခုအချိန်ထိ မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ၃၀ နီးပါးရှိနေပြီလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး စာရင်းတွေအရ သိရပါတယ်။
မြမင်းဦး(ပုသိမ်)