DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့ ရေဘေး အကူအညီ လိုအပ်
DVB
·
August 17, 2012
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းက ပုသိမ်မြို့အပါအ၀င် သာပေါင်း၊ ကံကြီးဒေါင့် မြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ငါးသိုင်းချောင်းနဲ့ င၀န်မြစ်ရေလျှံပြီး ကျေးရွာတွေ အတော်တော်များများမှာ ရေကြီးနေတဲ့အတွက် ဒေသခံတွေ နေရေးထိုင်ရေး အခက်ဖြစ်နေရပါတယ်။

ရေကြီးရေလျှံမှုကြောင့် သာပေါင်းမြို့မှာ ရွာပေါင်း ၆၀ လောက် နေအိမ်တွေ ရေနစ်မြုပ်တဲ့ အတွက် နေရေးအခက်ဖြစ်နေကြရသလို အိမ်မွေး ကျွဲ၊ နွား၊ တိရစ္ဆာန်တွေလည်း သေဆုံးမှု ရှိတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“သာပေါင်းဘက်က တောက်လျှောက်ပေါ့ ရေနက်ကွင်းလည်း ဖြစ်ပြန်တော့ နဂိုကတည်းက ဒီအချိန်မှာ စပါးစိုက်လို့မရတဲ့ အနေအထားမှာ အခုက အိမ်တွေပါအကုန်လုံးမြုပ်နေတာပေါ့။ ကယ်ဆယ်ရေးစခန်းတွေလည်း ဖွင့်ထားရတာပေါ့။ ငါးသိုင်းချောင်းကနေ ပုသိမ်အထိ င၀န်မြစ်ကမ်းတောက်လျှောက် ရှိသမျှ ရွာအကုန်မြုပ်တာပါ။ ရွာပေါင်းက ရပ်/ကျေး ၆၀ ပေါ့။ ရေကြီးနေတာ ပုသိမ်နဲ့ နည်းနည်းလေး ပိုစောကြီးတယ်။ တချို့တွေလည်း အိမ်ပါ မစွန့်နိုင်တော့ စင်လေးတွေ ထိုးနေကြတယ်။ နွားတွေလည်း ရေထဲမှာ ဒီအတိုင်းပဲပေါ့၊ တိရစ္ဆာန်တွေ လည်း တော်တော်သေကြတယ်။”

ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားပေမယ့် အကူအညီတွေ မရောက်ဘူးလို့လည်း အဲဒီဒေသခံ က ပြောပါတယ်။

ဒေသခံတွေရဲ့ ကျန်းမာရေးလည်း ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှု ရှိတဲ့အတွက် ဆေးဝါး အကူအညီ လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရေကြီးမှုကြောင့် သာပေါင်းမြို့နယ် အတွင်းက ကျောင်း အများစု ပိတ်ထားရပါတယ်။

သာပေါင်းနဲ့ တဆက်တည်း ကံကြီးဒေါင့်မြို့နယ်မှာလည်း မြို့တ၀က် အပါအ၀င် ကျေးရွာ အတော်များများ ရေနစ်မြုပ်နေပါတယ်။ ရေဘေးဒုက္ခသည်တွေကို ၄ နေရာလောက် ခွဲထားရပြီး အစားအသောက်အတွက် လူမှုရေးနဲ့ အစိုးရအဖွဲ့တွေ ကူညီပေမယ့် ဆေးဝါးလိုအပ်မှု ရှိနေတယ်လို့ ကံကြီးဒေါင့်မြို့ခံတဦးက ပြောပါတယ်။

“ရေဘေးဒုက္ခသည်တွေရှိတာပေါ့၊ ကံကြီးဒေါင့် အမှတ် ၁ ရပ်ကွက်ဆိုရင် ဘုန်းကြီးကျောင်းမှာ ထားတယ်။ ဓမ္မာရုံမှာထားတယ်။ စခန်းလေးတွေ ဖွင့်ထားတာ ရှိပါတယ်။ လူဦးရေက ၁၄၅၉။ ရေဘေးဒုက္ခသည်တွေအတွက် လာလှူကြတယ်၊ ပုသိမ်မှာဆိုရင် ၀န်ကြီးတွေ လာလှူကြတယ်။ ဆန်လာလှူကြတယ်။ အဓိက လိုအပ်နေတာကတော့ ဆေးဝါး လိုအပ်နေတယ်။ ဆေးခန်းတော့ ရှိပါတယ်။ ဆေးခန်းက မြို့လယ်မှာ ဖြစ်နေတယ်၊ ကျေးလက်တွေကို မဆင်းနိုင်ဘူး။”

ပုသိမ်မြို့မှာလည်း မြို့စွန်ရပ်ကွက်နဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေ ရေကြီးနေတာ အဆိုးဆုံး ဖြစ်တယ် လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ရေဘေးသင့်နေတဲ့ အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်ရှိပြီး မြို့အုပ်ချုပ်ရေး အဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေပေမယ့် ဆန်နဲ့ ဆေးဝါး လိုအပ်ချက် ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013