သမ္မတ ဦးဝင်းမြင့် အင်ဒိုနီးရှားသွားမည်
DVB
·
October 8, 2018
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ အာဆီယံခေါင်းဆောင်များစုဝေးပွဲကို တက်ရောက်ဖို့ မကြာခင်ရက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ အင်ဒိုနီးရှား သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုရဲ့ ဖိတ်ကြားချက်အရ ဘာလီကျွန်းမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များစုဝေးပွဲ(ASEAN Leaders' gathering)သို့ တက်ရောက်ဖို့ သွားရောက်မှာလို့ သတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၁ ရက်မှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေ စုဝေးပွဲဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးရဲ့ ပြင်ပမှာသီးခြားကျင်းပမှာ ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကိုတော့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက လူပေါင်း ၁၈၀၀၀ ကျော်လောက် တက်ရောက်မယ်လို့ ဂျာကာတာပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။