DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်ဖိလစ်ပိုင် သင်္ဘောသားများကို ချီလီရေတပ် ကယ်တင်
DVB
·
August 17, 2012
မြန်မာနှင့်ဖိလစ်ပိုင် သင်္ဘောသားများကို ချီလီရေတပ် ကယ်တင်
Donate to DVB

ချီလီနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရို့ရေးမြို့ ကမ်းခြေအနီးမှာ သောင်တင်ခဲ့တဲ့ Ocean Breeze ကုန်တင်သင်္ဘောပေါ်က မြန်မာနဲ့ ဖိလစ်ပိုင် သဘောင်္သားတွေကို ချီလီရေတပ်က ကယ်တင်လိုက်ပါတယ်။

ချီလီနိုင်ငံ ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ လေပြင်း မုန်တိုင်းကြောင့် ချီလီနိုင်ငံရဲ့ အဓိက ဆိပ်ကမ်းဖြစ်တဲ့ ဆန်အန်တိုနီယို (San Antonio) ဆိပ်ကမ်းနားက ရို့ရေးမြို့ ကမ်းခြေမှာ မနေ့က သောင်တင်ခဲ့တာပါ။

ဒီသင်္ဘောပေါ်မှာ မြန်မာနဲ့ ဖိလစ်ပိုင် သင်္ဘောသား ၂၄ ဦးပါရှိပြီး ချီလီရေတပ်ရဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက အတော်လေး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတယ်လို့ ချီလီအာဏာပိုင်တွေက ဆိုပါတယ်။

သင်္ဘောဟာ ရို့ရေးကမ်းခြေရဲ့ မီတာ ၃၀၀ လောက်အကွာမှာ အန္တရာယ်ရှိတဲ့ အနေအထားနဲ့ သောင်တင်နေခဲ့တာလို့ ရေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

“သင်္ဘောရဲ့ ကျောက်ဆူးကြိုးပြတ်ထွက်သွားတဲ့အချိန်မှာ လှိုင်းတွေက သဘောင်္ကိုဆွဲချသွားတာ။ ဒါကြောင့် သင်္ဘောက အခုလို ကမ်းခြေနဲ့ အပြိုင်အနေအထားနဲ့ သောင်တင်နေတာပါ။”

ကယ်တင်ခဲ့တဲ့ သင်္ဘောသား ၂၄ ယောက်ကို ဆန်အန်တိုနီယို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သူတို့တွေဟာ အနည်းငယ် ကြောက်ရွံ့နေကြရုံကလွဲပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိသူ တယောက်မှမရှိဘဲ အားလုံး အခြေအနေ ကောင်းတယ်လို့ ဆန်အန်တိုနီယို ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသားတယောက်ကတော့ သွေးတိုးတာနဲ့ ကိုယ်ပူရှိန် အရမ်းကျနေတာကြောင့် ဆေးရုံမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ Ocean Breeze တန် ၃ သောင်း ကုန်တင်သင်္ဘောဟာ ဂျုံနဲ့ ပဲပိစပ်တွေ တင်ဆောင်လာတာဖြစ်ပါတယ်။ ပနားမားနိုင်ငံကနေ ထွက်ခွာလာတဲ့ ဒီသင်္ဘောဟာ ချီလီနိုင်ငံ ဆန်အန်တိုနီယို ဆိပ်ကမ်းကို ဩဂုတ်လ ၁၅ ရက်နေ့ညက ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013