Home
မြန်မာသတင်း
တရားစီရင်ရေးနှင့် မူးယစ်ဆေးနှိမ်နင်းရေးတွင် အာဏာရှိသူများ ၀င်မစွက်ရန် သမ္မတ သတိပေး
DVB
·
October 7, 2018
43234077_1840997639281297_7438667358471716864_o
တရားစီရင်ရေးနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ အာဏာရှိသူတွေရဲ့ ၀င်ရောက်စွက်ဖက်မှု ကင်းရှင်းဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၆ရက်က မကွေးမြို့တော်ခန်းမမှာ မကွေးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာသမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်တာပါ။ “တရားစီရင်ရေးအပိုင်းမှာလည်း ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးဖြစ် ရန်လိုအပ်တယ်၊ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေနဲ့ ပြည်ထောင်စု တရား စီရင်ရေး ဥပဒေကို လေးစားလိုက်နာကြရမယ်၊  တရားစီရင်ရာမှာလည်း လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ အာဏာရှိသူတွေရဲ့ ၀င်ရောက်စွက်ဖက်မှု ကင်းရန်လိုအပ်တယ်၊ မှန်ကန်ပြီးတရားမျှတတဲ့ တရားစီရင်ရေးဖြစ်မှသာ ပြည်သူတွေက ပိုမို ယုံကြည်ကိုးစားလာကြမယ်” ဒါ့အပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအပိုင်းမှာလည်း  တရားဥပဒေအထက် ဘယ်သူမှ မရှိစေရဆိုတဲ့အတိုင်း တရားဥပဒေနဲ့အညီ တိကျမှန်ကန်စွာဆောင်ရွက်ကြဖို့ သမ္မတက တိုက်တွန်းပါတယ်။ “လုပ်ပိုင်ခွင့်နဲ့  အာဏာရှိသူတွေ ၀င်ရောက်စွက်ဖက်မှုကင်းရှင်းစွာနဲ့ ဆောင်ရွက်ကြ စေလိုပါတယ်။ နိုင်ငံတော်သမ္မတရုံးမှာလည်း  မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေး ဌာနကို ဖွင့်လှစ်ထားပြီး ပြည်သူတို့ရဲ့တိုင်ကြားချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက် နေရာမှာ  အောင်မြင်မှုတွေရရှိနေပြီး ထိရောက်စွာ ဆက်လက်ကိုင်တွယ် ဆောင်ရွက်လျက်ရှိ နေပါတယ်။” ဒ့ါအပြင် စွန့်လွှတ်မြေတွေကို မူလပိုင်ရှင်တောင်သူ လယ်သမားတွေထံအမြန် ပြန်လည် ရောက်ရှိစေရေးဆောင်ရွက်ပေးကြဖို့၊ အမှုအခင်းတွေကို မြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်နဲ့ ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးဖြစ်စေဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ကာကွယ်မြှင့်တင်ဖို့၊ အဂတိကင်းစင်ရေးဆောင်ရွက်ရာမှာ ကျောသားရင်သား၊ ဆူကြုံ့နိမ့်မြင့် မခွဲခြားဘဲဆောင်ရွက်ကြဖို့နဲ့ ၀န်ထမ်းတွေရဲ့ အတွေးအခေါ်နဲ့အကျင့် စရိုက်တွေ  ပြုပြင်ပြောင်းလဲဖို့ သမ္မတက တိုက်တွန်းပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024