DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပြဿနာအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့စည်း
DVB
·
August 17, 2012
ရခိုင်ပြည်နယ်ပြဿနာအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့စည်း
Donate to DVB

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းရေးကော်မရှင် အဖွဲ့ကို သမ္မတဦးသိန်းစိန်က ဒီနေ့ ဖွဲ့စည်းပေးလိုက်ကြောင်း သမ္မတရုံး ၀က်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။

ဒီအဖွဲ့ မှာ အဖွဲ့ဝင် ၂၇ ဦး ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် သာသနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာမျိုးမြင့်၊ အတွင်းရေးမှူးအဖြစ် မြန်မာ အီးဂရက် က ဒေါက်တာကျော်ရင်လှိုင်တို့  ခေါင်းဆောင်ပါတယ်။

အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးထွန်းအောင်ချိန်၊ နိုင်ငံရေးပါတီတွေက ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်သန်းသန်းနုစသူတို့ ပါဝင်ပါတယ်။

ဒါ့ပြင် ဒီအဖွဲ့မှာ  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ စာရေးဆရာ မောင်ဝံသ၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်နိုင်ဦး၊   ခရစ်ယာန်နဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေ သဘာဝပတ်ဝန်းကျင်နဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ စီးပွားရေးသမားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။

အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ကျနော်ကတော့ ကော်မရှင်မှာ ပါတယ်လို့ ခုနက ပြောမှ သိရတာ။ ကျန်တာတော့ ဘာမှ မသိသေးဘူးဗျ။ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို မြန်မာပြည်သားများ ဘာသာစုံ၊ ပါတီစုံ၊ ကဏ္ဍစုံက ပါတယ်ဆိုတော့ ကျနော်တို့က ၀မ်းပန်းတသာ ကြိုဆိုပါတယ်။ ပြည်ပက စုံစမ်းရေးကော်မရှင်ဖွဲပါလို့ တောင်းဆိုတဲ့ဟာက ပြည်တွင်းမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေမှလည်း ဘာသာစုံပါတဲ့ အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးတယ်ဆိုတာ ကောင်းတဲ့ ရည်ရွယ်ချက်ပါ။ ကျနော်တို့ ကော်မရှင်ကလည်းပဲ အဖြစ်မှန်တွေကို တိတိကျကျ တင်ပြနိုင်မယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ သေဆုံးဒဏ်ရာရ ပျက်စီးဆုံးရှုံးမှုတွေ၊ ကယ်ဆယ်ရေးနြဲ့ ပန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေတွေ ပဋိပက္ခချုပ်ငြိမ်းရေး ဆောင်ရွက်သင့်တဲ့ အချက်တွေ ကွဲပြားတဲ့ဘာသာ အယူရှိသူတွေ၊ မတူတဲ့လူမျိုးတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မယ့် နည်းလမ်းတွေ ဥပဒေစိုးမိုးရေးနဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေကို စုံစမ်းစစ်ဆေးပြီး စက်တင်ဘာ ၁၇ ရက်နေ့ အရောက် တိုက်ရိုက်အစီရင်ခံရမယ်လို့ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို နိုင်ငံတော်သမ္မတရုံးနဲ့ ရခိုင်ပြည်နယ်အစိုးရတွေက စီမံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ကော်မရှင်ဟာ လုပ်ငန်းဆောင်ရွက်ရာမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတွေနဲ့အညီ စုံစမ်းစစ်ဆေးနိုင်တဲ့အပြင် သက်သေတွေ ဆင့်ခေါ်တာ၊ စာရွက်စာတမ်းတွေ တောင်းကြည့်တာ၊ လိုတဲ့နေရာ သွားရောက် စစ်ဆေးတာတွေကိုလည်း ဆောင်ရွက်ခွင့် ရှိတယ်လို့ သမ္မတရဲ့ အမိန့်ကြေညာစာမှာ ပါရှိပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု စတင်ဖြစ်ပွားစကာလ ဇွန်လ ၆ ရက်နေ့တုန်းကလည်း ဒုတိယပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇံမြင့် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိတွေ၊ အုပ်ချုပ်ရေးမှူးစတဲ့ အာဏာပိုင်တွေ ပါဝင်ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ဖူးပါတယ်။
သမ္မတရဲ့ အမိန့်ကြေညာစာနဲ့ ဖွဲ့စည်းထုတ်ပြန်တဲ့ ကော်မရှင်အဖွဲ့မှာ အဖွဲ့ဝင်တွေသည်ပင်လျင် ကြိုတင်သိရှိခြင်း မရှိကြပေမယ့် ဒီဆောင်ရွက်ချက်ကို ကြိုဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013