DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့်အတွက် မြန်မာသတင်းသမားများ ဆန္ဒပြမည်
DVB
·
August 17, 2012
Donate to DVB

မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့် မရရှိသည့်အပေါ် ပြည်တွင်း သတင်းသမားများက ဥပဒေနဲ့အညီ တရားဝင် ဆန္ဒပြတော့မယ်လို့ မြန်မာ သတင်းသမားတွေနဲ့ ဖွဲ့ထားတဲ့ သတင်းလွတ်လပ်ခွင့်ကော်မတီ က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမ အနီးမှာ ဆန္ဒပြခွင့်ရဖို့အတွက် လာမယ့် သြဂုတ်လ ၂၁ ရက်နေ့ မှာ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဆီမှာ တရားဝင်ဆန္ဒပြခွင့် လျှောက်ထားဖို့ မြန်မာ သတင်းသမားတွေ စီစဉ်နေကြတာပါ။

သတင်းလွတ်လပ်ခွင့်အတွက် အစိုးရကို ဆန္ဒပြဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက အခုလို ပြောပြပါတယ်။

“ဒီမိုကရေစီ စံချိန်စံညွှန်းတရပ်အတွက် အာမခံနိုင်တဲ့ သတင်းလွတ်လပ်ခွင့် လိုနေပါတယ်။ ဒါကို ကျနော်တို့က အုပ်ချုပ်ရေးပိုင်းနဲ့ လွှတ်တော်ကသတိထားမိဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် ဆန္ဒပြမယ်ဆိုတာက ဆန္ဒပြဖို့စာတင်တာဖြစ်ပါတယ်။ ၂၁ ရက်နေ့မှာ ဆန္ဒပြမှာ မဟုတ်ပါဘူး။ ဆန္ဒပြဖို့ စာတင်ပြီး ခွင့်ပြုချက် တောင်းခံနေဆဲ ဖြစ်တယ်။ ခွင့်ပြုချက်ရလား မရလားဆိုတာလည်း အရေးကြီးပါတယ်။ အခုဆိုရင် ကျနော်တို့ဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရတရပ် အုပ်ချုပ်နေတာ ၁ နှစ်ခွဲ၊ ၂ နှစ်နီးပါးရှိပါပြီ။ ဒါပေမယ့် ကျနော်တို့ဟာ ဆင်ဆာစနစ်ကို ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆင်ဆာစနစ်ကို ဖျက်သိမ်းပြီး ကိုယ့်တာဝန်ကိုယ်ယူတဲ့ မီဒီယာနယ်ပယ်တခုကို ဖန်တီးတည်ဆောက်ချင်ပါတယ်။ ဒီအခြေအနေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်က ဒီကိစ္စကို အမြန်ဆုံး အလေးအနက် စဉ်းစားပေးဖို့ တောင်းဆိုချင်ပါတယ်။”

သတင်းလွတ်လပ်ခွင့်ကော်မတီအနေနဲ့ သတင်းလွပ်လပ်ခင့် PRESS FREEDOM တံဆိပ်ပါ အမည်းရောင်ဦးထုပ်တွေကို သတင်းသမားတွေဆီ ဖြန့်ဝေမှာဖြစ်ပြီး သတင်းသမားတွေက  အမည်းရောင် ဦးထုပ်တွေ ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ သတင်း လွတ်လပ်ခွင့် မရသေးတာကို ဖော်ထုတ်သွားဖို့ ရှိတယ်လို့လည်း ဦးဇော်သက်ထွေးက ပြောပါတယ်။

သြဂုတ် ၂၃ နဲ့ ၂၄ ရက်တွေမှာတော့ ပြည်တွင်းထုတ် The Voice Weekly နဲ့ လျှပ်တစ်ပြက်ဂျာနယ်တွေ ရင်ဆိုင်နေရတဲ့ အမှုတွေကို သတင်းသမားတွေအနေနဲ့ PRESS FREEDOM တံဆိပ်ပါ အမည်းရောင် အင်္ကျီတွေ ၀တ်ဆင်သွားရောက် သတင်းယူကြဖို့ အစီအစဉ် ရှိပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရရှိသေးတဲ့ကိစ္စ၊ စာပေစိစစ်ရေး ဆင်ဆာအဖွဲ့ မဖျက်သိမ်းသည့်ကိစ္စ၊ မီဒီယာဥပဒေကို မီဒီယာသမားများအား အသိမပေးဘဲ ရေးဆွဲနေမှု အပါအ၀င် သတင်းမီဒီယာ ထိန်းချုပ်နေမှုတွေကို ဖယ်ရှားပေးဖို့နဲ့ ပတ်သက်တဲ့ အထူးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့လည်း သတင်းလွတ်လပ်ခွင့် ကော်မတီက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013