Home
မြန်မာသတင်း
ရန်ကုန်-ကိုကိုးကျွန်း ပုံမှန်ရေကြောင်းခရီးစဉ်ပြေးဆွဲရန်တင်ဒါခေါ်
DVB
·
October 6, 2018
ရန်ကုန်-ကိုကိုးကျွန်း ပုံမှန် ရေကြောင်းခရီးစဉ်ပြေးဆွဲနိုင်ဖို့ ရန်ကုန်တိုင်းအစိုးရ က ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို တင်ဒါတွေ ခေါ်ယူနေတယ်လို့ တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော်မှာ ပြောပါတယ်။ ရန်ကုန်စည်ပင် နယ်နိမိတ်ပြင်ပက ကိုကိုးကျွန်းမြို့နေ ပြည်သူတွေ အနေနဲ့  လမ်းပန်း ဆက်သွယ်ရေး အခက်ခဲကြောင့်တကမ္ဘာခြားသလို ဖြစ်နေတဲ့အတွက် ပုံမှန်ရေကြောင်း ခရီးစဉ် ပြေးဆွဲပေးဖို့ အစီအစဉ် ရှိမရှိ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ရန်ကုန်-ကိုကိုးကျွန်း ပုံမှန် ရေကြောင်းခရီးစဉ်ပြေး ဆွဲနိုင်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါတွေ ခေါ်ယူနေပြီး  ပို့ဆောင်ရေးဝန်ကြီးဌာနက လည်းပါဝင်ကူညီပေးသွားမယ်လို့  ဆိုပါတယ်။ ရန်ကုန်-ကိုကိုးကျွန်းကို အရင်က မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းက ပြေးဆွဲပေးပြီး လက်ရှိမှာ မပြေးဆွဲတော့သလို ပြည်တွင်းရေကြောင်းက သင်္ဘောတွေကလဲ မြစ်တွင်းနဲ့ ကမ်းရိုးတန်းသွား ဖြစ်လို့ မပြေးဆွဲနိုင်တာလို့  ဝန်ကြီးက ပြောပါတယ်။ ကိုကိုးကျွန်းဟာ ရန်ကုန်မြို့မှ အနောက်တောင်ဘက် မိုင်(၂၆ဝ)အကွာ မြန်မာနိုင်ငံရဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ် အကြားမှာ တည်ရှိပြီး ၁၉၇၄-ခုနှစ်က မြို့နယ်အဆင့် သတ်မှတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024