DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကိစ္စနှင့် စပ်လျဉ်းပြီး တရားစွဲဆိုခံရသည့် ကုလ၀န်ထမ်း ၅ ဦးပြန်လွတ်
DVB
·
August 17, 2012
အကြမ်းဖက်မှုကိစ္စနှင့် စပ်လျဉ်းပြီး တရားစွဲဆိုခံရသည့် ကုလ၀န်ထမ်း ၅ ဦးပြန်လွတ်
Donate to DVB

ရခိုင်ပြည်နယ် အကြမ်းဖက်မီးရှို့မှုတွေနဲ့ စပ်လျဉ်းပြီး အစိုးရက ရုံးတင်တရားစွဲထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ၀န်ထမ်း ၈ ဦးအနက် ၅ ဦးကို ဩဂုတ် ၁၆ ရက်နေ့မှာ အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက်မီးရှို့မှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှုနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ၁ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၉ ဦးကို ရုံးတင် စစ်ဆေးခဲ့ပါတယ်။

အဲဒီထဲက ၁ ဦးကို အမှုမထင်ရှားလို့ ပြန်လွှတ်ခဲ့တဲ့အတွက် တရား ရင်ဆိုင်နေဆဲ လက်ကျန် ၈ ဦးထဲကနေ ၅ ဦးကို အမှုရုပ်သိမ်းပြီး ဒီနေ့ ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေက စစ်တွေနဲ့ ဘူးသီးတောင်မြို့နယ် တရားရုံးတွေမှာ အမှုရင်ဆိုင်နေသူတွေဖြစ်ပြီး မောင်တောမြို့နယ်မှာ အမှုရင်ဆိုင်နေတဲ့ ၃ ဦး အမှုကိုတော့ ဆက်လက်စစ်ဆေးမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောပါတယ်။

“ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအို ၀န်ထမ်း ၈ ဦးမှာ မနေ့က ၅ ဦး အမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။ အဲထဲမှာ ဘူးသီးတောင်က လွှတ်ပေးတဲ့လူတွေကတော့ အဒူဟိုက် (ခ) ဦးသန်းနိုင်၊ ဦးစောမြင့် (ခ) မာမောက်ဒူဟာစံ၊  ရောဟိဇူဟာမန် (ခ) ဦးဇော်မြင့်။ စစ်တွေခရိုင်တရားရုံးကလွှတ်ပေးတာကတော့ ဦးဝင်းနိုင် (ခ) မာမက်ရောကီး၊ ဦးကျော်လှအောင် (ခ) ကာတိတ်၊ အဲ ၅ ယောက်ကတော့ မနေ့ကလွှတ်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ မောင်တောမြို့နယ် တရားရုံးမှာ အမှုဆက်လက် ရင်ဆိုင်နေတုန်းပါ။”

ဖမ်းဆီးတရားရုံးတင်ခံရသူတွေဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က နယ်မြေခံဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့တွေအပေါ် စွဲဆိုခဲ့တဲ့ပုဒ်မတွေကတော့ လူအုပ်စုတဖက်နဲ့ တဖက်ကို ခိုက်ရန်ဖြစ်အောင်၊ ဒေါသဖြစ်အောင် လှုံ့ဆော်တဲ့ပုဒ်မ၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်ဆောင်ရွက်တဲ့ပုဒ်မ၊ လူတဖွဲ့ လူတစုရဲ့ ကိုယ်ကျင့်တရားတွေကို ဖောက်လွဲဖောက်ပြန်ဖြစ်အောင် ဆောင်ရွက်တဲ့ပုဒ်မနဲ့ မီးရှို့မှုတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီလူတွေကို ပြန်လည်လွတ်ပေးတာဟာ အပြစ်ကင်းစင်ကြောင်း ဖော်ထုတ်တွေ့ရှိလို့ မဟုတ်ဘဲ နိုင်ငံတော်က ရုပ်သိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်လို့ ဦးဦးလှသိန်းက ရှင်းပြပါတယ်။

“ရုပ်သိမ်းတဲ့အခါမှာ အမှုရဲ့ အသွင်အနှစ်အတိုင်းအတာ၊ ဒါတွေကို စဉ်းစားတာမဟုတ်ဘဲ ဥပဒေရဲ့ဘောင်အတွင်းက ရုပ်သိမ်းတဲ့သဘောဖြစ်ပါတယ်။ တရားစီရင်ရေးကိစ္စတခုမှာ တဖက်တလမ်းက စီမံခန့်ခွဲရေးရာနဲ့ ဆိုင်တဲ့ ကိစ္စတွေပါလာတဲ့အတွက်ကြောင့် နည်းလမ်းတကျပေါ့၊ ပြစ်မှုဆိုင်ရာ စည်းမျဉ်း ပုဒ်မ ၄၉၄ အရ ရုပ်သိမ်းတာပါ။”
ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက လဆန်းပိုင်းက လာရောက် လေ့လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013