DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးအန္တရာယ် စိုးရိမ်စရာအကောင်းဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
DVB
·
August 17, 2012
သဘာဝဘေးအန္တရာယ် စိုးရိမ်စရာအကောင်းဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
Donate to DVB

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် ကမ္ဘာပေါ်မှာ အလွန်စိုးရိမ်စရာ အကောင်းဆုံး ၁၀ နိုင်ငံထဲမှာ ၀င်နေတယ်လို့ ဗြိတိန်နိုင်ငံ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုတေသနနဲ့ အတိုင်ပင်ခံ အဖွဲ့ဖြစ်တဲ့ မက်ပလီခရော်ဒ် (Maplecroft)က သတိပေးလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၇ နိုင်ငံကို လေ့လာတဲ့အခါမှာ အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံစာရင်းမှာ အာရှက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေကတော့ ဟေတီ၊ နီကာရာဂွာ၊ ဟွန်ဒူးရပ်၊ ဒိုမိုနီကန် တို့ ဖြစ်တယ်လို့ အဖွဲ့က ဆိုပါတယ်။

နိုင်ငံတွေရဲ့ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေနဲ့ ပတ်သက်လို့ တွက်ချက်တဲ့အခါမှာ တိုင်းပြည်စီးပွားရေးအပေါ် သဘာဝဘေးအန္တရာယ်က သက်ရောက်နိုင်တဲ့ ပမာဏ၊ ကြိုတင်ပြင်ဆင်ထားတဲ့ အခြေအနေ၊ တိုင်းပြည်ရဲ့ ခံနိုင်ရည်တွေအပေါ်မှာ တွက်ချက်ပြီး အဆင့်သတ်မှတ်တာဖြစ်ပါတယ်။

တိုင်းပြည်တပြည်မှာ အခြေခံအဆောက်အအုံပိုင်း အားနည်းပြီး အုပ်ချုပ်ရေးပိုင်းကလည်း ညံ့ဖျင်းနေရင် ဆိုးကျိုးတွေ ပိုခံစားရနိုင်တယ်လို့ ဆိုပါတယ်။

မက်ပလီခရော်ဒ်အဖွဲ့က အခုလို သတိပေးလိုက်တာနဲ့ပတ်သက်ပြီး မိုးလေ၀သပညာရှင် ဦးထွန်းလွင်က “အဲဒါကတော့ ကျနော်တို့ မကြာခဏ ပြောနေတာပဲဗျ။ ကြိုတင်ကာကွယ်မှုအပိုင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် အားနည်းတာပေါ့။ မလုပ်တာတော့ မဟုတ်ဘူး။ လုပ်တဲ့နေရာတွေ ရှိပါတယ်။ ကျနော်ကိုယ်တွေ့ တွေ့ဖူးတာက ၂၀၀၄ ခုနှစ် ဟင်္သာတပေါ့။ အဲဒီတုန်းက ဦးဆောင်တဲ့သူက အလွန်ကောင်းတယ်ဗျ။ ဦးဆောင်မှု မပေးနိုင်တဲ့ နေရာမျိုးတွေကျတော့ သဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးကို သိပ်နားမလည်တဲ့ နေရာကျတော့ ဟာသွားတာပေါ့။ အပေါ်ကတော့ လုပ်နေတာပဲ အဖွဲ့တွေ ဖွဲ့တာ။ ဒါတွေက အလုပ်သဘောအရ ကြည့်ရင် ဟုတ်သလိုပဲ။ ဒါပေမယ့် အတွင်းကျကျကြည့်ရမှာ။ အဓိက က ၂ချက်ဗျ။ ပထမက good management ဗျ။ နောက်တခု must participation။ အဲဒီ ၂ ခုရှိရင် အောင်မြင်မယ်။ မရှိရင် မအောင်မြင်ဘူးဗျ။”

လတ်တလောဖြစ်ပေါ်နေတဲ့ မြစ်ရေကြီးမှုတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သပညာရှင် ဦးထွန်းလွင်က လာမယ့် စက်တင်ဘာနဲ့အောက်တိုဘာအတွင်း ဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

“မုတ်သုံရွာတဲ့မိုးရယ်၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လို့ ရွာတဲ့မိုးရယ်၊ အရှေ့ဘက်က တိုင်ဖွန်းအကြွင်းအကျန်ကြောင့် ရွာတဲ့မိုးရယ် ဒီ ၃ ခု ကြုံကြိုက်တဲ့အခါတော့ ရေကြီးမှုက အောက်တိုဘာအထိ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ရေကြီးမှုက ၃ ကြိမ်ရှိတော့ အောက်တိုဘာမှာ ရေကြီးမှုက ရှိကို ရှိဦးမှာပါ။ အတိုင်းအတာတခုတော့ ရှိမှာပဲ။ ပျက်စီးမှု များ မများသာ ကံပေါ်မှာ မူတည်ပါတယ်။”

မြန်မာနိုင်ငံမိုးလေ၀သဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ မြစ် ၄ စင်း ရေကြီးနေတာကြောင့် မြို့ ၅ မြို့ စိုးရိမ် ရေမှတ်အထက် ရောက်ရှိနေပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခွဲကျော်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ င၀န်မြစ်ရေဟာ ငသိုင်း ချောင်းမြို့မှာ ၂ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမှာ ၁ ပေကျော်နဲ့ မဒေါက်မှာ ၄ ပေခွဲခန့်ရှိနေပြီး အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အထက် ရောက်ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013