ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကိုပို့မည့် စိတ်ကြွဆေးပြားများ မောင်တောတွင် ဖမ်းမိ

2.8K
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းကိုပို့မယ့် စိတ်ကြွဆေးပြား ၂၈,၀၀၀ ကျော်ကို မောင်တောမြို့နယ်၊ နတ်မြစ်အတွင်းရှိ လှေတစီးပေါ်က ဖမ်းဆီးမိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၄ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း လှေ တစင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး၊ မောင်တောမြို့နယ် နေသူတဦးတို့ကို ငွေကျပ်သိန်း ၅၇ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၅ဝဝ နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
အစိုးရသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် နတ်မြစ်အတွင်း ရေယာဉ်နှစ်စင်းနဲ့ ကင်းလှည့်နေတုန်း တဖက်နိုင်ငံကို ဦးတည် လှော်ခတ်နေတဲ့ လှေတစင်းကို တွေ့လို့ လိုက်လံဖမ်းဆီးခဲ့တယ်။
မောင်တောမြို့နယ် သရက်အုပ်ကျေးရွာနေ အလီဆူလီဟာမန် (၂ဝ နှစ်)၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက္ကနာဖ့်မြို့ လဲဒက် (တောင်) ကျေးရွာနေ အဘူဆီးဒီး (၂၇ နှစ်) နဲ့ တစ်ရွာတည်းနေ လူဘမ်း (၁၈ နှစ်) တို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၂၈၅ဝဝနဲ့ အတူ ဖမ်းဆီရမိခဲ့တယ်လို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းမိတဲ့ သုံးဦးကို စစ်မေးရာမှာ မူးယစ်ဆေးဝါးတွေဟာ မောင်တောမြို့နယ် သရက်အုပ် ကျေးရွာနေ အီလီယက်ဆိုသူရဲ့ ပစ္စည်းတွေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူဆိုနီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ နော်ဘီဟူဆောင်း ဆိုသူဆီကို ပို့ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အလီဆူလီဟာမန်က ပို့ဆောင်ခ ငွေကျပ် ၂ဝဝဝဝဝ နဲ့ အဘူဆီးဒီးတို့ နှစ်ဦးက တာကာငွေ ၂ဝဝဝဝ စီ ရရှိတယ်၊ အလီဆူလီဟာမန်က မူးယစ်ဆေးဝါးတွေကို သရက်အုပ်ကျေးရွာကနေ စတင် သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
တက္ကနာဖ့်မြို့က ထွက်ခွာလာတဲ့ အဘူဆီးဒီးပိုင် လှေနဲ့ အောက်တိုဘာ ၃ ရက် ညသန်းခေါင်ယံမှာ ရွက်ညိုတောင် ချောင်းဝမှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆက်လက် သယ်ဆောင် လာတုန်း ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်စပ်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။