ပျော်ဘွယ်တွင် ကားရထားတိမ်းမှောက်၍ ခရီးသည် ၁၂ ဦးဒဏ်ရာရ
DVB
·
October 4, 2018
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ထဲမှာ ဒီကနေ့ မနက်ပိုင်းက RBE ကားရထားတစီး တိမ်းမှောက်သွားလို့ ခရီးသည် ၁၂ ဦး ဒဏ်ရာရသွားပါတယ်။
နတ်မောက်(လဲဘူးဘူတာ)မှ ပျော်ဘွယ်သို့ ထွက်ခွာလာတဲ့ RBE ကားရထား စက်ခေါင်းအမှတ် ၂၅၅၀ဟာ မိုင်တိုင်(၂၉၁/၁၅-၁၆)ကြား ပျော်ဘွယ်မြို့နယ် ယုန်ကုန်းကျေးရွာအနီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
ကားရထားပေါ်မှာ ခရီးသည် ၈၀ ဦး ကျော်လိုက်ပါလာတာဖြစ်ပြီး ခရီးသည် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ ပျော်ဘွယ်ဆေးရုံသို့ တင်ပို့ကုသထားရတယ်လို့ သိရပါတယ်။
ဒဏ်ရာရ ခရီးသည်တွေရဲ့ အခြေအနေ မစိုးရိမ်ရတဲ့အကြောင်းနဲ့ အသေအပျောက်မရှိဘူးလို့ ပျော်ဘွယ်မီးသတ်ဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာဖော်ပြပါတယ်။
ဒဏ်ရာရရှိသူတွေကို အလင်းရောင်ပရဟိတ လူမှုကူညီရေးအဖွဲ့ ဂရုဏာရှင်ပျော်ဘွယ် နာရေးကူညီမှုယာဉ်တွေနဲ့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။