စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဥပဒေ လွှတ်တော်အတည်ပြု
Aung Ko Latt
·
October 4, 2018
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စည်ပင်သာယာရေးဥပဒေ(မူကြမ်း)ကို အောက်တိုဘာ ၄ ရက်က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။
မူလ စည်ပင်သာယာရေးဥပဒေ(မူကြမ်း)မှာ ပါရှိတဲ့ ပုဒ်မ ၁၂ ခုကို ပြင်ဆင်ခြင်း၊ ပုဒ်မ ၂၆ ခုဖြည့်စွက်ခြင်းနဲ့ ပုဒ်မ ၂ ခုကို ပယ်ဖျက်ခြင်းတွေ ပြုလုပ်ပြီး အတည်ပြုပြဋ္ဌာန်းလိုက်တာပါ။
စည်ပင်ဥပဒေသစ်မှာ ပုဒ်မ ၂၂၇ ခုရှိပြီး ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းမရှိခင်က ပုဒ်မ ၂၁၅ ခုသာရှိတဲ့အတွက် ပုဒ်မ အနည်းငယ် တိုးလာခဲ့ပါတယ်။
ဒီစည်ပင်သာယာရေးဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်သွင်းခဲ့ပြီးကတည်းက လအတန်ကြာ မြို့နယ်အလိုက်၊ ကော်မတီအလိုက်ကော အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးလုပ်ဆောင်ခဲ့တာပါ။
အကြမ်းအားဖြင့် စည်ပင်ဥပဒေ မူကြမ်းမှာပါတဲ့ ပုဒ်မတွေ နေရာရွေ့တာ၊ စကားလုံး အချက်အလက်ပြောင်းလဲတာ စတာတွေကလွဲလို့ အကြောင်းအရာ ပြောင်းလဲတာမရှိဘူးလို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက တိုင်း စည်ပင်သာယာရေးကော်မတီဖွဲ့စည်းခြင်း၊ ကော်မတီသက်တမ်းနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာခွဲတာဝန်ခံ စတာတွေကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ပေမယ့် လွှတ်တော်အဆုံးအဖြတ် ရယူရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။
စည်ပင်သာယာရေး ဥပဒေအသစ်မှာ ဘီးခွန်ကိစ္စ၊ သားသတ်လိုင်စင်ကိစ္စ၊ ကော်မတီ ဖွဲ့စည်းခြင်းကိစ္စ၊ ကော်မတီသက်တမ်းကိစ္စ စတာတွေအပြင် အပြောင်းအလဲတွေ များစွာ လုပ်ထားတယ်လို့ သိရပါတယ်။
လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ စည်ပင်ဥပဒေ အသစ်ကို တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မတွေအရ ဒီဥပဒေနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ဖို့အတွက် တိုင်းစည်ပင်သာယာရေး ဝန်ကြီးဌာနကို လွှတ်တော်က လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ပါတယ်။
စည်ပင်သာယာရေးဥပဒေဟာ စစ်ကိုင်းတိုင်းလွှတ်တော်အတွက် ၆ ခုမြောက် ပြဋ္ဌာန်းတဲ့ ဥပဒေ ဖြစ်လာပါတယ်။
၂နှစ်ခွဲကျော်လွှတ်တော်သက်တမ်းကာလအတွင်း စာကြည့်တိုက်ဥပဒေ၊ ရေချိုငါး လုပ်ငန်းဥပဒေ၊ အသေးစားချေးငွေလုပ်ငန်းဥပဒေ၊ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေး ဥပဒေ၊ ပြတိုက်ဥပဒေတို့ကိုလည်း အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။