Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများကို အရေးယူမည်
ဇေယျာချမ်းအေး
·
October 4, 2018
ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့သွားလာနေတဲ့ ကုန်တင်ယာဉ်ကြီးတွေကို အရေးယူ သွားမယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရန်ကုန်မြို့အတွင်း နေ့ဘက်မှာ ကုန်တင်ယာဉ်ကြီးတွေကို သွားလာခွင့်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက တရားဝင်တားမြစ်ထားတာပါ။ ဒါပေမယ့် ကုန်တင်ယာဉ်အကြီးတွေ စည်းကမ်း မလိုက်နာဘဲ သွားလာတာ ရပ်နားတာတွေရှိနေတဲ့အတွက် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အစိုးရကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဦးဝေဖြိုးဟန်ရဲ့မေးခွန်းအပေါ် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ကုန်စည်စီးဆင်းမှု အခြေအနေအပေါ်မူတည်ပြီး လမ်းအခြေအနေအလိုက် ကုန်တင်ယာဉ်တွေသွားလာတာကို အနည်းငယ်ဖြေလျော့ပေးထားတာပါ။ မူလသတ်မှတ်ချက် အတိုင်း ညဘက်ပဲသွား လာခွင့်ပြုမယ်ဆိုရင် ကုန်စည်စီးဆင်းတာ နှေးသွားနိုင်ပါတယ်။ ဒါပေမယ့် လမ်းအခြေအနေအလိုက် အချိန်တွေကိုတော့ သတ်မှတ်ပေးထားပါတယ်။ သတ်မှတ်ချိန်မဟုတ်ဘဲသွားလာတာ ရပ်နားတာတွေပြုလုပ်ရင်တော့ စည်းကမ်းအတိုင်း အရေးယူသွားမှာပါ”လို့ပြောပါတယ်။ အဲဒါအပြင် ရန်ကုန်မြို့အတွင်းမှာ ကုန်တင်ယာဉ်ကြီးတွေ ရပ်နားဖို့ ကားဝင်းကြီးတွေ တည်ဆောက်ဖို့အစီအစဉ်ရှိတယ်လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကတော့ အစိုးရက စည်းကမ်းချမှတ်ပြီး စည်းကမ်းအတိုင်း မဆောင်ရွက်ရင် ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024