A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်တွင် ဘာစီလိုနာက စပါးကို ၄ ဂိုး ၂ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဘီ ဒုတိယပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဘာစီလိုနာတို့ မနေ့ကယှဉ်ပြိုင်ရာ ဘာစီလိုနာက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးအသင်းမှာ အဓိက ကွင်းလယ်ကစားသမား အဲရစ်ဆင် မပါဝင်နိုင်ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ လာမယ်လာ၊ လူးကပ်စ်မော်ရာ၊ ထရစ်ပီယာ၊ လိုရစ် စတဲ့ အဓိက ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာမှာလည်း မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟို၊ ရာကီတစ်၊ ဘတ်စ်ကွက်၊ အယ်လ်ဘာ၊ ပီကေး စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။ တိုက်စစ်အားသန်တဲ့ အသင်းနှစ်သင်းပီပီ အပြန်အလှန် တိုက်စစ်ဆင်ကစားပြီး ဂိုးအပြန်အလှန် သွင်းခဲ့လို့ ကြည့်ကောင်းတဲ့ပွဲတပွဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အိမ်ရှင်းအသင်းကို အသာရခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဂိုးတွေကို ပွဲအစ ၂ မိနစ်မှာ ကော်တင်ဟို၊ ၂၈ မိနစ်မှာ ရာကီတစ်၊ ၅၆ မိနစ်နဲ့ ပွဲပြီးကာနီးမှာ တိုက်စစ်မှူး မက်ဆီတို့က သွင်းယူပေးခဲ့ပါတယ်။ စပါးအတွက် ချေပဂိုး နှစ်ဂိုးကိုတော့ ၅၂ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်း၊ ၆၆ မိနစ်မှာ လာမယ်လာတို့က သွင်းယူပေးခဲ့ပါတယ်။ အုပ်စု ဘီ တခြားပွဲစဉ် ပီအက်စ်ဗွီနဲ့ အင်တာမီလန်တို့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ အင်တာမီလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နှစ်ပွဲစီ ကစားပြီးချိန်မှာ ဘာစီလိုနာနဲ့ အင်တာမီလန်တို့က နှစ်ပွဲစလုံးအနိုင်ရထားပြီး ဂိုးကွာခြားချက်က ဘာစီလိုနာက ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ စပါးနဲ့ ပီအက်စ်ဗွီတို့ကတော့ တပွဲမှ အနိုင်မရသေးဘဲ အုပ်စု တတိယနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up