Home
မြန်မာသတင်း
ရန်ကုန်ပန်းခြံများငှားခ ကာလပေါက်ဈေးထက်လျော့နည်း၊ နိုင်ငံဝင်ငွေ ဘီလီယံချီနစ်နာနေ
ရွှေအောင်
·
October 3, 2018
ပြည်သူ့ရင်ပြင်၊ မြကျွန်းသာ၊ ကန်သာယာပန်းခြံ၊ ကန်တော်ကြီးပန်းခြံ၊ မြိုင်ဟေဝန်ပန်းခြံ စတဲ့ ရန်ကုန်မြို့က အထင်ကရ ပန်းခြံမြေ ငှားရမ်းခတွေဟာ ကာလပေါက်ဈေးထက် အဆမတန် လျော့နည်းနေပြီး နိုင်ငံ့ဝင်ငွေ နစ်နာနေတယ်လို့ တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာ အရသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ပန်းခြံတွေထဲမှာ စားသောက်ဆိုင်တွေ ပေးမဖွင့်သင့်ဘဲ ပြည်သူတွေ အပန်းဖြေနိုင်ရေးကိုပဲ အဓိကထား ဆောင်ရွက်သင့်တယ် လို့လည်း အကြံပြု ထားပါတယ်။ ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်မြေဧရိယာ ၇၆ ဧကကျော်ကို Natural World ကုမ္ပဏီကို နှစ်ရှည် ငှားရမ်းထားပြီး ဒီထဲက ၄၉ ဧက လောက်ဟာ ပြည်သူပိုင်ဧရိယာဖြစ်တယ်။ ၀င်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင်တဲ့ ၂၇ ဧကကျော်ကို တစတုရန်းပေလျင် ၁၇ကျပ်ကျော်နဲ့ ငှားထားပြီး တလကို ကျပ် ၁၁၇၂ သန်းကျော်ရပြီး တနှစ်တနှစ် ငွေကျပ် ၁၄ ဘီလီယံကျော် နစ်နာနေတယ်လို့ စာရင်းစစ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အလားတူ ကန်တော်ကြီးထဲက ဇေကမ္ဘာကုမ္ပဏီပိုင် ကရ၀ိတ်ဥယျာဉ်မြေ ငှားရမ်းမှုမှာ လည်း တနှစ်တနှစ် ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာနေတယ်လို့ ဆိုပါတယ်။ သာကေတမြို့နယ်ရှိ ရှုခင်းသာအပန်းဖြေဥယျာဉ်မြေငှားရမ်းမှုမှာ နိုင်ငံတော်က တနှစ်ကို ငွေကျပ် ၃ဘီလီယံခန့်၊မြကျွန်းသာအပန်းဖြေဥယျာဉ် ငှားရမ်းမှုမှာ ငွေကျပ် ၂၁ ဘီလီယံခန့် နိုင်ငံတော်က နစ်နာ နေတာ ဖြစ်ပါတယ်။ အဲ့ဒီပန်းခြံတွေထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေရဲ့ ငှားရမ်းခတွေဟာလည်း ခေတ်ကာလပေါက်ဈေးအတိုင်း မဟုတ်လို့ နစ်နာနေရသလို ဆိုင်ခန်းတွေကို လွှဲပြောင်း ရောင်းချတဲ့ ဖြစ်စဉ်တွေကိုလည်း စာရင်းစစ်ချုပ်ရုံးက စစ်ဆေး တွေ့ရှိထားပါတယ်။ တခါ ကန်တော်ကြီးထဲက စားသောက်ဆိုင် ၅ ဆိုင်၊ဦးဥတ္တမပန်းခြ့ထဲက ဆိုင်တဆိုင်နဲ့ ကလေးကစားကွင်းတခု၊ မြိုင်ဟေ၀န်ပန်းခြံထဲက ဆိုင်တဆိုင်တို့ကို အမှန်တကယ်လုပ်မယ့် သူတွေကို မငှားဘဲ ကျောက်တံတားမြို့နယ်မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်းကို ဆက်လက်ငှားရမ်းထားတယ်။ ခေတ်ကာလပေါက်ဈေးနဲ့ ငှားထားတာ မဟုတ်လို့ နိုင်ငံအနေနဲ့ တနှစ်လျင် ငွေကျပ် ၂ဘီလီယံကျော် လျော့နည်း နစ်နာနေတာကိုလည်း စာရင်းစစ်အဖွဲ့က တွေ့ရှိထားပါတယ်။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ပန်းခြံပတ်လည်က ဆိုင်ခန်းတွေ ငှားတဲ့အခါမှာလည်း တင်ဒါခေါ် ငှားတာမဟုတ်ဘဲ အရင် ငှားထားသူတွေကိုပဲ စာချုပ်သစ်ထပ်ချုပ်ငှားပြီး ဈေးနှုန်း ပြောင်းလဲခြင်း မရှိတာကိုလည်း စာရင်းစစ်အဖွဲ့က ထောက်ပြထားပါတယ်။ အများပြည်သူအပန်းဖြေဖို့ တည်ဆောက်ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်းထဲရှိ ပန်းခြံတွေကို အရင် အစိုးရလက်ထက်မှာ နှစ်ရှည်စာချုပ်တွေနဲ့ ဈေးပေါပေါနဲ့ ငှားရမ်းပေးခဲ့တာဖြစ်ပြီး ဒီ ပန်းခြံတွေကို အများပြည်သူပိုင်ဖြစ်အောင် ပြန်လည်လုပ်ဆောင်ပေးဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- City Hall
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024