Home
အနုပညာ
နယူးယောက်တိုင်းမ် အရောင်းရဆုံးစာအုပ်ကို ပုံဖော်ရိုက်ကူးထားသည့် The Hate U Give ရုပ်ရှင်(နမူနာ)
DVB
·
October 3, 2018
ရာဇ၀တ်ပြစ်မှုနဲ့ ဒရာမာအမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့ The Hate U Give ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားဟာ The New York Times Bestseller စာအုပ်တအုပ်ဖြစ်တဲ့ အာဖရိကန်-အမေရိကန် ကပြားစာရေးဆရာမ Angie Thomas ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းပြီး အမေရိကန်ရုပ်ရှင် ဒါရိုက်တာ George Tillman Jr. က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မတူကွဲပြားမှုတွေကြားက ဖြစ်ပေါ်လာတဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ အမုန်းတရား၊ ခွဲခြားဆက်ဆံမှု၊ အငြိုးအတေး အာဃာတတွေကြားက အမှန်တရားကို ဘယ်လိုရင်ဆိုင်ဖော်ထုတ်သလဲဆိုတာကို ရှုစားကြရမှာပါ။ Starr Carter ဟာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် လူမည်းကျောင်းသူ လေးတယောက်ပါ။ သူက အလွှာ ၂ ခုကြားက ကမ္ဘာ ၂ ခုမှာ နေထိုင်တယ်လို့ ပြောရမှာပါပဲ။ ဆင်းရဲတဲ့ အိမ်နီးချင်း လူမည်းတွေ မိသားစု၊ သူငယ်ချင်းတွေရဲ့ ကမ္ဘာနဲ့ကျောင်းမှာတော့ ချမ်းသာတဲ့ လူဖြူသူငယ်ချင်းအ၀န်းအ၀ိုင်းတွေကြားမှာ ဟန်ချက်ညီအောင်နေထိုင်ရတဲ့ သူတယောက်ပါ။ တနေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း လူမည်းကောင်လေး Khalil ကို လူဖြူရဲတွေက ပစ်သတ်ခဲ့တာကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ အမှန်တရားအတွက်တော့ Starr ဟာ ရပ်တည်ရမယ်။ ဒီအချိန်မှာ သူ့ရဲ့ အသံကို ထုတ်ဖော်ဖွင့်ထုတ်ခွင့်ရမလား၊ ဘယ်လိုတွေ ဆက်ပြီး အမှန် တရားအတွက် လှုပ်ရှားတက်ကြွသူတယောက်ဖြစ်လာခဲ့သလဲဆိုတာတွေကို ဒီကားထဲ မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် Starr အဖြစ် The Hunger Games ရုပ်ရှင် ကားနဲ့ လူသိများလာတဲ့ အမေရိကန်သရုပ်ဆောင် မင်းသမီး Amandla Stenberg က ခေါင်းဆောင်ပါဝင်ထားပြီး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ ငယ်သူငယ်ချင်း ကောင်လေး Khalil နေရာမှာတော့ အမေရိကန်သရုပ်ဆောင် Algee Smith က တွဲဖက် သရုပ်ဆောင်ထားတာပါ။ တခြားသရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Regina Hall, Russell Hornsby တို့နဲ့အတူ သရုပ် ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ Rotten Tomatoes မှာ Rating 96 ရာခိုင်နှုန်း ထိ ရရှိနေတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ကနဦးပြသခဲ့ပြီး ချီးကျူးမှု၊ အားပေးမှုတွေလည်း ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ကြမ်းတမ်းတဲ့ သွေးထွက်သံယို မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်း ပြောစကား Dialog တွေ ပါဝင်နေတာမို့ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG - 13 အဆင့် သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024