ထိုင်းတွင် ၅ ထပ်တိုက်ပေါ်မှ ပစ်ချခံရသည့် မွေကင်းစကလေး အသက်ရှင်လျက်တွေ့ရှိ

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ပရကန်မြို့မှာ ၅ ထပ်တိုက်ပေါ်က ပစ်ချခံရတဲ့ မွေးကင်းစ ကလေး ၁ ဦးကို အသက်ရှင်လျက်တွေ့ရှိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဆမွတ်ပရကန်မြို့ ထေးဖားရတ်ရပ်ကွက် ဆီရိဆမစ်လမ်းရှိ ၀ီအက်စ်တိုက်ခန်းအနီးမှာ မွေးကင်းစကလေးငယ် ၁ ဦး စွန့်ပစ်ခံရကြောင်း အောက်တိုဘာ ၁ ရက် မနက် ၁၁ နာရီက တိုင်ကြားလာတဲ့အတွက် အရေးပေါ်လူနာတင်ကား၊ ဆရာဝန်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆမ်လုန်းနေနယ်မြေရဲစခနိး တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ တိုက်ခန်းအနောက်ဘက် ငှက်ပျောပင်အောက် မြက်ဖုတ်တွေကြား ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးလေးကို တွေ့ရကြောင်း၊  ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး မျက်နှာမှာရော ကိုယ်ခန္ဓာတွေမှာပါ ခြင် နဲ့ ပုရွက်ဆိတ် ကိုက်ခံထားရတဲ့ အနီဖုတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ တိုက်ခန်းသန့်ရှင်းရေး အလုပ်သမတဦးက သူဟာ မနက်စောစော အလုပ်လုပ်နေစဉ်  တိုက်ခန်းအနောက်ဘက်က ကလေးငိုသံကြားရကြောင်း၊ ပထမတော့ သရဲခြောက်တာလို့ ထင်နေတာလို့  တာဝန်ရှိသူတွေကို ပြောပါတယ်။ ဒါပေမယ့် ကလေးငိုသံက တိတ်မသွားဘဲ တချက်တချက် ပြန်ပြန်ကြားနေရလို့ တဘက်ခြံ က အိမ်နီးနားချင်းတွေ လှမ်းပြောလိုက်ကြောင်း၊ တဘက်ခြံရှိ အိမ်နီးချင်းကလည်း ခြံစည်းရိုးကို ကျော်ဝင်လာပြီး အသံကြားရာဘက်သွားကြည့်ရာမှာ အဆိုပါမွေးစကလေးကိုတွေ့လို့  ရဲစခန်းကိုလှမ်းပြီး အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက စစ်ဆေးရာမှာ ကလေးငယ်ရှိတဲ့အနီး ငှက်ပျောပင်က အကိုင်းမှ ကျိုးကျနေကြောင်း၊ လေးလံသောအရာတခုခုပြုတ်ကျလာလို့ ကျိုးကျဟန်ရှိကြောင်း၊ အဆိုပါကလေးငယ်မှာ ၅ ထပ်တိုက်အပေါ်မှ ပစ်ချခံရဖွယ်ရှိပြီး ကလေးမိခင်မှာလည်း တိုက်ပေါ်မှာပဲ ရှိနေမယ်လို့ ရဲတွေက ယူဆပါတယ်။ ကလေးမိခင်မှာ ကိုယ်ဝန်ဆောင်ဖို့အဆင်မသင့်တဲ့ မိန်းကလေး၊  ဒါမှမဟုတ် အမျိုးသားနဲ့ ပြဿနာတခုခုရှိလို့ အခုလိုကလေးကို စွန့်ပစ်တာဖြစ်နိုင်ကြောင်း၊ တိုက်ခန်းပိုင်ရှင်ထံ ခွင့်တောင်းပြီး မိခင်ကို ရှာဖွေအရေးယူသွားမယ်လို့  တာဝန်ကျ ရဲအုပ်က ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up