၁၉၉၀ အမတ် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာအောင်ခင်ဆင့် ကွယ်လွန်
DVB
·
October 3, 2018
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်ဆင့်ဟာ အောက်တိုဘာ ၂ ရက်ည ၈နာရီခွဲမှာ ကွယ်လွန်သွားပါတယ်။
ဒေါက်တာ အောင်ခင်ဆင့်ဟာ ကွယ်လွန်ချိန်မှာ သက်(၈၆)နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ဈာပန အခမ်းအနားကို အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီမှာ ရေဝေးသုဿန်မှာ ကျင်းပမှာဖြစ်ပါတယ်။
ဒေါက်တာအောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေကောက်ပွဲတုန်းက ရန်ကုန်တိုင်း၊ မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ၁၉၉၃ခုနှစ်ဇန်န၀ါရီလမှာစတင်ခဲ့တဲ့ အမျိုးသားညီလာခံကို ဒီချုပ်ပါတီ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။
၁၉၉၃ ခုနှစ်သြဂုတ်လအတွင်း တတိယအကြိမ်အစည်းအဝေးကာလမှာ အမျိုးသား ညီလာခံကို ဆန့်ကျင်တဲ့အကြောင်းပြချက်နဲ့ ဒေါက်တာအောင်ခင်ဆင့်ကို ဖမ်းဆီးခဲ့ပြီး ၁၉၉၃ ခုနှစ် အောက်တိုဘာလမှာ စစ်ခုံရုံးကနေ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။