DVB Logo
Home
မြန်မာသတင်း
အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ
DVB
·
August 16, 2012
အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ
Donate to DVB

အငြင်းပွားနေတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို အရေးယူဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်က တောင်းဆိုနေချိန်မှာ နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေကနေ အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ဒီနေ့ ဖော်ပြလိုက်ပါတယ်။

ပြည်သူ့ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်မဖြစ်ဆိုတာကို သမ္မတကိုယ်စား နိုင်ငံတော်ရှေ့နေချုပ်ကနေ အခြေခံဥပဒေခုံရုံးမှာ စစ်ဆေးခံရာမှာ ဥပဒေခုံရုံးကနေ လွှတ်တော် ရေးရာကော်မတီတွေဟာ ပြည်ထောင်စု အဆင့်မဖြစ်ဘူးဆိုပြီး အခြေခံဥပေဒအပုဒ်လိုက် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

သတင်းစာတွေမှာ အသေးစိတ်ဖော်ပြခဲ့တာနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော် အာကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဦးရဲထွန်းက အခုလို ပြောပါတယ်။

“ဒီနေ့သတင်းစာထဲမှာပါလာတာက ခုံရုံးကနေစဖြစ်တဲ့၊ သမ္မတကနေ ဒါကို ပြန်သုံးသပ်ခိုင်းတာကနေစပြီးတော့ နောက်ဆုံး အပြန်အလှန် စစ်ဆေးပြီး ဆုံးဖြတ်တဲ့အထိ ဒါတွေကို သတင်းစာထဲမှာ အပြည့်အစုံ ပြန်ထည့်လာတယ်။ ကျနော်တို့ခန့်မှန်းကြည့်ရတာက သူတို့မှန်တယ်၊ မမှားဘူးဆိုပြီးတော့ ဆက် ရပ်တည်မယ်လို့ ယူဆရတာပေါ့လေ။”

ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံဥပဒေခုံရုံးက အဖွဲ့ဝင်တွေကို ထုတ်ပယ်ပစ်ဖို့ တောင်းဆိုမှုအပေါ်ကို အစိုးရအနေနဲ့ အလျှော့ပေးချင်ပုံမရဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ တောင်းဆိုထားကို မလိုက်လျောရင်တော့ ပြည်သူလွှတ်တော် လုပ်ထုံလုပ်နည်းနဲ့အညီ လုပ်ဆောင်သွားမယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

“အဲဒီအတိုင်း သူတို့က မှန်တယ်ဆိုပြီး ဆက်ရပ်တည်ရင်တော့ ကျနော်တို့က လုပ်ထုံးလုပ်နည်းအတိုင်းဆက်လုပ်သွားရမှာပဲ။ ဆက်လုပ်မယ်ဆိုတာက ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌကနေပြီးတော့ စွပ်စွဲပြစ်တင်တဲ့အဆိုကို လွှတ်တော်တင်ပေးရမယ်၊ မဲခွဲမှာပေါ့။ ဒီအဆိုကို ထောက်ခံတဲ့မဲက လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၃ ပုံပုံ ၂ ပုံ ရဖို့လိုတယ်။ ၃ ပုံပုံ ၂ ပုံရမှသာလျှင် ပြည်သူ့လွှတ်တော်မှာ ဒီအဆိုအောင်တယ်ပေါ့။”

လွှတ်တော်တွေရဲ့ ရေးရာကော်မတီ အသီးသီးကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် အစိုးရအနေနဲ့ မသတ်မှတ်စေချင်တာဟာ ပြည်သူလွှတ်တော် ရေးရာကော်မတီတွေက ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေကို ခေါ်ယူစစ်ဆေးမှာ စိုးရိမ်တာလို့ ဦးရဲထွန်းက သုံးသပ်ပြော ဆိုသွားပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကိုက ဒါတွေကို စုံစမ်းမေးမြန်းလို့ရတယ်ဆိုတာ ပါပြီးသား။ ဒါနဲ့ပတ်သက်လို့ သူတို့ကိုခေါ်မေးတယ်ဆိုရင် လာပြီးတော့ ဖြေရှင်းရမယ်။ လွှတ်တော်အကြီးအမှူးရဲ့ ခွင့်ပြုချက်နဲ့ ဖြေရှင်းရမယ်ဆိုတာ ပါထားတော့ အခုတော့ မပြောသေးဘူးပေါ့။ နောင်မှာဆိုရင်တော့ အဲသလိုမျိုးပြောရင် ပြောလာနိုင်တာပေါ့၊ မင်းတို့ကော်မတီတွေက ပြည်ထောင်စုအဆင့်မဟုတ်ဘူး၊ ငါတို့ဖြေစရာမလိုဘူး ဆိုပြီး ဖြစ်လာနိုင်တယ်။ ဒါကြောင့်လည်း လွှတ်တော်က ဒီကိစ္စကို အလေးထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။”
ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာ ၀န်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အပါအ၀င် ရေးရာကော်မတီ ၂၅ ခု ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013