Home
မြန်မာသတင်း
ပုပ်ရဟန်းမင်းကြီးလှူဒါန်းသည့် ဒေါ်လာတသိန်း ပေါက်ဈေးထက်နည်းနေသည့်ကိစ္စရှင်းလင်း
ပိုင်စိုး
·
October 1, 2018
42834214_1872780312814847_4088036222650286080_o
ပုပ်ရဟန်းမင်းကြီးလှူဒါန်းတဲ့ ဒေါ်လာတသိန်းကို ရခိုင်ပြည်နယ်အစိုးရကို လွှဲပြောင်းပေးရာမှာ ကျပ်သိန်း ၁၃၃၀ ပဲပေးတာဟာ ဒေါ်လာလက်ခံရရှိချိန်က ပေါက်ဈေးဖြစ်တယ်လို့ သွားရောက်လှူဒါန်းခဲ့တဲ့ ငြိမ်းချမ်းမေတ္တာ အဖွဲ့ဝင်တယောက်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ်အတွက် အသုံးပြုဖို့ ဒေါ်လာတသိန်းကို ငြိမ်းချမ်းမေတ္တာအဖွဲ့ကနေ တဆင့် ပေးအပ်လှူဒါန်းခဲ့တာပါ။ ငြိမ်းချမ်းမေတ္တာအဖွဲ့ဝင် ဟိန္ဒူဘာသာကိုယ်စားပြု ဆရာဆန်းမင်းနိုင်က “ပုပ်ရဟန်းမင်းကြီး မြန်မာပြည် လာပြီးနောက်ပိုင်း ကာဒီနယ်ချားလ်စ်ဘိုရဲ့ ကြိုးပမ်းချက်ကြောင့် ဒေါ်လာတသိန်းကိုပေးပို့ လှူဒါန်းပါတယ်။ အဲဒါကို ကျနော်တို့က သာသနာရေးဝန်ကြီးဌာန အကောင့်ထဲကို ထည့်ထားရပါတယ်။ အဲဒီ ဇွန်လကုန်ပေါက်ဈေးအတိုင်းပဲ အကောင့်ထဲကို ရောက်တာကြောင့် ဒီလောက်ပဲရတာပါ” လို့ ပြောပါတယ်။ ဒီငွေကို အခမ်းအနားနဲ့လွှဲအပ်ဖို့ ရခိုင်ပြည်နယ်အစိုးရဆီကို စာတင်ထားရပြီး အခုမှ လှူဒါန်းဖြစ်တာ လို့လည်း သူက ပြောပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းကတော့ ဇွန်လ နောက်ဆုံးသီတင်းပတ်ထဲမှာ တဒေါ်လာကို ၁၃၇၇ ကျပ်ကနေ ၁၄၀၅ ကျပ်အထိရှိခဲ့သလို  ပြင်ပဘဏ်တွေမှာလည်း အဲဒီဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ လက်ရှိ ပြင်ပနိုင်ငံခြားငွေလဲလှယ်ဈေးကွက်မှာ ဒေါ်လာပေါက်ဈေးကတော့ အမေရိကန် ၁ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ ကျော်ထိ ဈေးပေါက်နေတာပါ။ ဒီငွေကို စက်တင်ဘာ ၃၀ ရက် မနေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာပါ။ ဒီအလှူငွေတွေကို မောင်တောမြို့နယ်အတွင်းရှိ ရွှေဇားကျေးရွာ၊ ဖော်ကီတောင်ကျေးရွာ၊ သက်ကိုင်ညာကျေးရွာ၊ ကြိမ်ချောင်းကျေးရွာနဲ့  ငါးခူရကျေးရွာတို့မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အသုံးပြုသွားဖို့ ရခိုင်ပြည်နယ်အစိုးရက စီစဉ်နေတယ်လို့ ဒီကနေ့ ထုတ် အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ တိုက်ရိုက်အကျိုးရှိနိုင်အောင်၊ အထူးသဖြင့် ရေရှည် အကျိုးဖြစ်မယ့် လမ်းတွေ၊ ရေတွင်း၊ ရေကန်တွေစတဲ့ သူတို့ရဲ့လူမှုရေး လိုအပ်ချက်တွေမှာ အကျိုးရှိအောင် အသုံးပြုသွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း အစိုးရသတင်းစာမှာ ပြောထားပါတယ်။ ဓာတ်ပုံ-ကြေးမုံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024