DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ထပ်မံဆွေးနွေးရန် ကေအန်ပီပီ လိုလား
DVB
·
August 16, 2012
အစိုးရနှင့် ထပ်မံဆွေးနွေးရန် ကေအန်ပီပီ လိုလား
Donate to DVB

အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့ပြီ ဖြစ်ပေမယ့် တောင်းဆိုချက်တွေအတွက်  အကျေအလည်ဆွေးနွေးဖို့ လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကေအန်ပီပီဌာနချုပ် ညာမူစခန်းမှာ ကျင်းပတဲ့ ၆၄ နှစ်မြောက် ကရင်နီ အမျိုးသားခုခံတော်လှန်ရေးနေ့မှာ  ပါတီ ဒုဥက္ကဋ္ဌ ခွန်းအေဘယ်တွိက ပြောဆိုလိုက်တာပါ။

“အများကြီးကျော်ဖြတ်ရဦးမယ်။ အများကြီး စကားပြောဖို့ လိုမယ်။ ကျနော်တို့တင်ပြတဲ့ အချက်ကလေးတွေဟာ မယ်မယ်ရရတခုမှ မရသေးတဲ့အတွက်ကြောင့် ဆက်ပြီးတော့ စကားပြောမယ်။ အထူးသဖြင့် ကျနော်တို့စကားပြောလာခဲ့တဲ့ အရေးကြီးဆုံး အပိုင်းကတော့ ၂၀၀၈ ခု အခြေခံဥပဒေကို ကျနော်ပြောပါ တယ်။ အုပ်ချုပ်ရေးကိစ္စတွေကို စကားပြောလာကြတော့ ဒါဟာ အကြိတ်အနယ် ဆွေးနွေးရ မယ်။ ကျနော်တို့ဟာ ဘယ်လိုမှ ကနေ့ သိန်းစိန်အစိုးရဆီမှာ ဒူးမထောက်နိုင်ဘူး” လို့ ပြောပါတယ်။

အစိုးရဘက်က ကေအန်ပီပီနဲ့ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ကာလအတွင်း ကရင်နီပြည်တွင်းက တပ်တွေ ပြန်မရုပ်သိမ်းသည့်အပြင် တပ်အင်အား ပိုချလာတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား ဒေသအားလုံးမှာ ခွဲခြားမှုမရှိ တပြေးညီ ဖော်ဆောင်ဖို့ လိုတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (ကေအန်ဒဗလျူအို) အတွင်းရေးမှူး မော်သိုးမြာက ပြောပါတယ်။

“အခုက ဒီ ၁ လ၊ ၂ လအတွင်းမှာ မြန်မာပြည်တ၀န်းလုံးနဲ့ အတူ ကရင်နီပြည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို စလုပ်နေကြပြီ။ ဒါပေမယ့် ကျမမြင်တာက ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကရင်တွေ၊ ရှမ်းတွေ ရှိတယ်။ ကျမတို့ ကြားသိရသလောက်ကတော့ တနေရာနဲ့ တနေရာ အစီအစဉ်တွေ မတူညီကြပါဘူး။ အဲဒါကြောင့်ကျမတို့ မြင်တာက လုံးဝပြောင်းလဲပြီလို့တော့ ပြောလို့မရသေးပါဘူး။ ၁၀၀ ရာခိုင်နှုန်း မရှိသေးဘူးပေါ့။ ဒါကြောင့် ကရင်နီတခုတည်းမဟုတ်ဘဲ တခြားတိုင်းရင်းသားတွေလည်း အင်တိုက်အားတိုက်နဲ့ အားလုံးအတူတကွ ပါဝင်ကြိုးစားလုပ်ဆောင်မှ မြန်မာပြည်ထဲက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ပြောချင်ပါတယ်။”

သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီလူမျိုးတွေရဲ့ ၆၄ နှစ်မြောက် ခုခံတော်လှန်ရေးနေ့ကို ကရင်နီပြည်တွင်းမှာ အခမ်းအနား မကျင်းပနိုင်သေးပေမယ့် ခုခံတော်လှန်ရေးနေ့ စတင်ရာ မြလဲရွာမှာတော့ ဒေသခံတွေက ဆုတောင်းပွဲတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ကေအန်ပီပီနဲ့ အစိုးရအကြား  ဇွန်လ ၉ ရက်နေ့မှာ အပစ်အခတ်ရပ်စဲဖို့ ပြည်ထောင်စုအဆင့် အချက် ၁၄ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပေမယ့် စစ်ရေးကိစ္စဖြစ်တဲ့ တပ်လှုပ်ရှားမှု၊ တပ်တည်နေရာ၊ တပ်အရွှေ့အပြောင်းကိစ္စတွေမှာတော့ သဘောတူညီချက်ထဲမှာ မပါသေးဘဲ ဆက်လက်ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ လွိုင်ကော်၊ ဖားဆောင်းနဲ့ ရှားတောမြို့နယ်တွေမှာ ကေအန်ပီပီ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013