အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီကို မန်ချက်စတာယူနိုက်တက် ခေါ်ယူ

အာဆင်နယ် တိုက်စစ်မှူး ဗန်ပါစီကို မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းက ခေါ်ယူလိုက်ပါတယ်။ အာဆင်နယ်အသင်းက တိုက်စစ်မှူး ဗန်ပါစီကို မန်ယူအသင်းထံ ရောင်းချဖို့အတွက် ဩဂုတ် ၁၅ ရက်နေ့မှာ သဘောတူလိုက်တာပါ။ အသက် ၂၉ နှစ် အရွယ် ဗန်ပါစီရဲ့ ပြောင်းရွှေ့ကြေးကို နှစ်သင်းစလုံးက ဖော်ပြတာ မရှိပေမယ့် ဗြိတိသျှ မီဒီယာတွေကတော့ ပေါင် ၂၄ သန်း ၀န်းကျင်လောက် ရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ မန်ယူက ဒတ်ခ်ျတိုက်စစ်မှူးကို ၄  နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီး၊ ဂျုဗင်တပ်တို့နဲ့အပြိုင် ကြိုးစားခဲ့ရတာပါ။ မန်ယူကနေ ဒီရာသီထဲမှာ အသစ်ခေါ်ယူထားတဲ့ ဂျပန် ကွင်းလယ်သမား ကာဂါဝါနဲ့ နစ် ပိုဝဲလ် တို့ပြီးရင် ဗန်ပါစီဟာ တတိယမြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက အသင်းမှာ အားထားရတဲ့ တိုက်စစ်မှူးကို မရောင်းချင်ပေမယ့်လည်း လာမယ့်ရာသီ စာချုပ်သက်တမ်းကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခွင့်ပြုရမှာဖြစ်လို့ ရောင်းထုတ်လိုက်တာပါ။ တိုက်စစ်မှူးဗန်ပါစီဟာ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြ ကစားနိုင်လို့ အာဆင်နယ် အတွက် ၃၇ ဂိုး အထိသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာအတွက် အကောင်းဆုံး ကစားသမားအဖြစ်လည်း ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဗန်ပါစီဟာ ၂၀၀၄ မှာ ဖေယင်နုကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီး ပွဲပေါင်း ၂၇၈ ပွဲမှာ ၁၃၂ ဂိုး သွင်းပေးထားပြီး အသင်းနဲ့အတူ ကွန်မြူနတီဒိုင်းနဲ့ အက်ဖ်အေဖလား ၁ လုံး ရဖူးထားပါတယ်။ လက်ရွေးစင်အသင်းအတွက် ကစားပေးတဲ့ ၆၈ ပွဲမှာ ၂၉ ဂိုး သွင်း ပေးထားပေမယ့် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာတော့ နယ်သာလန်ဟာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဗန်ပါစီဟာ အသင်းသစ် မန်ယူရဲ့ တိုက်စစ်မှာ  ၀ိန်း ရွန်နီနဲ့အတူ တွဲဖက် ပြီး တာဝန်ယူရဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up