DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့တွင် စပါးခင်းများ ရေလွှမ်း
DVB
·
August 15, 2012
ရေကြီးမှုကြောင့် ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့တွင် စပါးခင်းများ ရေလွှမ်း
Donate to DVB

မိုးများပြီး ရေကြီးရေလျှံမှုတွေကြောင့် ဩဂုတ်လဆန်းပိုင်းလောက်ကတည်း ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ လယ်မြေတွေ ရေနစ်မြုပ်ကုန်ပြီး လယ်ဧက သိန်းချီပျက်စီးမယ့် အနေအထားဖြစ်နေပါတယ်။

မိုးများပြီး ရေကြီးရေလျှံလို့ ပဲခူးတိုင်း ဝေါမြို့နယ်နဲ့ သနပ္ပင်မြို့နယ်တွေက လယ်မြေဧက ထောင်ပေါင်းများစွာ ရေနစ်မြုပ်နေတာ သီတင်း ၂ ပတ်လောက် ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးရတာဟာ ဇောင်းတူအပါအ၀င် ဆည်တွေကနေ ရေလွှတ်ချတာကြောင့် ဖြစ်သလို မိုးအဆက်မပြတ်ရွာတဲ့အတွက် ရေက အောက်ကိုမကျဘဲ တန့်နေတဲ့အတွက် လယ်တွေရေမြုပ်ရတာဖြစ်ပါတယ်။

ဒေသခံတဦးက “သနပ်ပင်မှာ ၆၆ ရွာ၊ ဝေါဘက်မှာ ၅၂ ရွာ အဲဒါတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ရေလွှမ်းသွားတယ်။ သနပ်ပင်မှာလည်း လယ်ဧက သောင်းနဲ့ချီရှိတယ်။ ဝေါမှာလည်းေ သာင်းနဲ့ချီပဲ။ ပဲခူးတိုင်းအတွင်းမှာဆိုရင် အားလုံး လယ်ဧက သိန်းနဲ့ချီသွားတာပေါ့။ စပါးပင်ရဲ့ သဘောသဘာဝက ၇ ရက်လောက်တော့ တောင့်ခံနိုင်တယ်။ ၇ ရက်ကျော်ရင် မရတော့ဘူး။ အခု ရေမြုပ်တာက အဲဒီရက်တွေထက် ကျော်သွားပြီ။” လို့ ပြောပါတယ်။

လယ်သမားတွေဟာ ရေကြီးနေတဲ့အတွက် ကျွဲ၊ နွားတွေကို ကျွေးစရာမရှိသလို ထားစရာနေရာ မရှိတဲ့အတွက် ရတဲ့ဈေးနဲ့ ရောင်းနေကြရတယ်လို့ ဆိုပါတယ်။

“ကျွဲ၊ နွားတွေထားစရာနေရာမရှိဘူး။ သူတို့ကို အမြင့်ပိုင်းမှာထားရတယ်။ နောက်အိမ်မွေးတိရစ္ဆာန် ၀က်တို့ ဘဲတို့ကိုလည်း ထားစရာနေရာမရှိတော့ ရတဲ့ဈေးနဲ့ ရောင်းနေရတယ်။ တချို့ဆို ခိုင်းကျွဲ၊ ခိုင်းနွားတွေကို သားသတ်ရုံကို အောက်ဈေးနဲ့ ရောင်းနေရတယ်။ ခိုင်းနွားက ခိုင်းလို့ရတဲ့ အနေအထားဆိုရင် ၅ သိန်းလောက် ဈေးပေါက်ရင် ဒီအချိန်မှာ ၃ သိန်းလောက်နဲ့ပဲ ရောင်းနေရတယ်။”

ရေကြီးဒဏ်ခံရတဲ့ လယ်သမားတွေကို ကူညီဖို့ ပဲခူးတိုင်း အလုပ်သမား၊ လယ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က တိုင်းလယ်ဆည်ဝန်ကြီး ဦးတင်စိုးနဲ့ သွားရောက်ဆွေးနွေးခဲ့ရာမှာ ရေပြန်ကျရင် စာရင်းဇယားတွေလုပ်ပြီး ပျက်ခဲ့တဲ့လယ်တွေကို  မျိုးစပါး ပြန်ချပေးမယ့်အကြောင်း ၀န်ကြီးက ပြောတယ်လို့ ဆိုပါတယ်။

ဇူလိုင်လကုန်ကစပြီး အဆက်မပြတ် မိုးရွာနေလို့ ပဲခူးအရှေ့ခြမ်းက ရွှေကျင်၊ မဒေါက်၊ ဒိုက်ဦး၊ ညောင်လေးပင်နဲ့ ဝေါမြို့မှ လယ်မြေတွေလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာလည်း အလားတူ လယ်ရေမြုပ်မှုမျိုး ဖြစ်ပွားနေပါတယ်။ ပုသိမ်ခရိုင်အတွင်းမှာလည်း ကံကြီးဒေါင့်မြို့နယ်အနီးက တာတခုကို မနိုင်တော့လို့ ဖွင့်ချလိုက်ရတဲ့အတွက် လယ်ဧက ၆ သောင်းလောက် ရေနစ်မြုပ် ပျက်စီးကုန်တယ်လို့ ကံကြိးဒေါင့်မြို့ခံ တဦးက အခုလို ပြောပါတယ်။

ကံကြီးဒေါင့်မြို့တ၀ိုက်လောက်ကလည်း ရေနစ်မြုပ်နေပြီး ဒေသခံ ထောင်ချီ ရေလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ရေနစ်မြုပ် လယ်တွေ ပြန်လည်အစားထိုးစိုက်ရေး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ကော်မတီတရပ်ဖွဲ့ပြီး ကူညီပေးနိုင်ရေး ပြင်ဆင်နေပြီလို့ အသင်းအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ကူညီဖို့အတွက် ကော်မတီလေး တဖွဲ့ ဖွဲ့လိုက်ပြီး မြို့နယ်အဆင့်တွေမှာလည်း ရေမြုပ်တဲ့နေရာတွေက အခြေအနေနဲ့ လိုအပ်ချက်တွေပေါ့။ လိုအပ်ချက်ဆိုတာက ဘယ်နေရာမှာ ဘယ်နှဧက မြုပ်တယ်ဆိုတာ ကျနော်တို့က မသိဘူးလေ။ ပြန်စိုက်လို့ မီမလား၊ ပြန်စိုက်ဖို့ လယ်သမားတွေက ဆန္ဒ ရှိမရှိပေါ့။ မိုးစပါးလိုမလား။ တခြား ဘာလိုအပ်ချက် ရှိမလဲဆိုတာ ကျနော်တို့က သိချင်တယ်လေ။ ဒေသအလိုက် ဘာလိုအပ်ချက်ရှိလဲ။ ဘယ်အခြေအနေ ရှိလဲဆိုတာ ကျနော်တို့ စာရင်းတောင်းထားပါတယ်။”

ရေနစ်မြုပ်နေတဲ့ လယ်တွေတင်မကဘဲ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မိုးခေါင်ရေရှားမှုကြောင့် ဖြစ်တာလာတဲ့ လယ်ပြဿနာနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခကြောင့် စပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေတဲ့ ပြဿနာတွေကို ကူညီပေးဖို့ လုပ်နေတယ်လို့လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ပဲခူးတိုင်း အနောက်ဘက် ပြည်မြို့အတွင်းရှိ လယ်မြေများ ရေမြုပ်နေစဉ် (ဓာတ်ပုံ)

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/flooding in pago paddy field/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013