Home
မြန်မာသတင်း
ပလတ်စတစ်ထိုင်ခုံ ၁ လုံး ၇ သောင်းကျပ်ဟု မှားယွင်းဖော်ပြမိကြောင်း စီမံဘဏ္ဍာဝန်ကြီးပြော
အာကာ
·
September 28, 2018
၂ဝ၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ပလတ်စတစ်ကုလားထိုင်တလုံး ၇ ထောင်ကျပ်အစား ၇ သောင်းကျပ်လို့ စာရင်းမှားယွင်း ဖော်ပြခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးက အခုလို ပြောကြားထားတာပါ။ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက “မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဝယ်မှာက အလုံး ၂၅ဝ ပါ။ တလုံးကို ၇ သောင်းကျပ်ဟာ မှားယွင်းနေပါတယ်လို့ ကျနော့်ကို လာတင်ပြပါတယ်။ တလုံးကို ၇ ထောင်ကျပ်ပဲ ကျသင့်ပါတယ်။ မှားယွင်းထည့်သွင်းမိတာပါ” လို့ ပြောပါတယ်။ အခုလို မှားယွင်းခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။ စက်တင်ဘာ ၂၆ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အင်းစိန်မြို့နယ် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းရဲ့ ရုံးသုံးပရိဘောဂ ခေါင်းစဉ်အောက်မှာ ပလတ်စတစ်ကုလားထိုင် (ယိုးဒယား) ခေါင်းစဉ်နဲ့ တလုံးကို ကျပ် ၇ သောင်း စာရင်းပြထားတာဟာ များနေတယ်” လို့ ထောက်ပြဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024