Home
မြန်မာသတင်း
ကြို့ကုန်းက ဆိုင်ခန်းများ ဖယ်ရှားခံရမည်
ပီတာအောင်
·
August 15, 2012
ရန်ကုန် အင်းစိန်မြို့နယ် ကြို့ကုန်းက ဈေးဆိုင်ခန်းတွေ ဖယ်ရှားပေးဖို့ စည်ပင်သာယာက ဖိအားပေးလာတဲ့အတွက် ဈေးဆိုင်တွေကို အမှီပြု  လုပ်ကိုင်စားသောက်နေသူတွေ အခက်တွေ့နေရပါတယ်။ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ပန်းဈေးအနီး သုခိတာလမ်းပေါ်က    ဆိုင်ခန်း ၂၀ ကျော်လောက်ကို မြို့နယ်စည်ပင်သာယာက  ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာလို့  ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။ ဆိုင်ပိုင်ရှင်တွေဟာ ဒီဆိုင်ခန်းတွေကို  ၂၀၀၃ ခုနှစ်က ကန်ထရိုက်တာ  ဦးဝဏ္ဏကြည်ဝင်းဆီက နှစ် ၃၀ စာချုပ်နဲ့ ၀ယ်ယူထားတာဖြစ်ပြီး ခေတ်မီဈေးသစ် ဆောက်ဖို့ရှိတဲ့အတွက် စာချုပ် ခုနှစ်မပြည့်ခင်မှာ ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထားပြီး ဖယ်ပေးဖို့ စည်ပင်သာယာက သတိပေးချက် ထုတ်ပြန်ထားတာလို့ ဆိုင်ခန်းပိုင်ရှင်တဦးဖြစ်တဲ့ ဒေါ်အေးမြင့်က ပြောပါတယ်။ “စည်ပင်က အစ်မတို့ကို စာချုပ်စချုပ်၊ စ ၀ယ်တုန်းက နှစ် ၃၀ ဆိုတော့ ၀ယ်လိုက်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအတွင်းရေးမှူး ဦးကြည်ဝင်းရဲ့ သားဆီက ၀ယ်လိုက်တာ။ ၂၀၀၃ ခုနှစ်က စာချုပ်စာတမ်းနဲ့ အရောင်းအ၀ယ်ပြုလုပ်ခဲ့တာ။ အခု ဘာပြောလဲဆိုတော့ ၁၀ နှစ်သက်တမ်းပြည့်လို့ ဖယ်ပေးပါတဲ့။ ကျမတို့က နှစ် ၃၀ လို့ပြောတော့ မဟုတ်ဘူးတဲ့ စည်ပင်ဈေးများဌာနက ကျနော်တို့ကို ၁၀ နှစ်သက်တမ်းပဲပေးတဲ့အတွက်၊ ၁၀ နှစ်ပြည့်တဲ့အတွက် အားလုံးဖယ်ပေးပါတဲ့။ ဘာမှလုပ်လို့မရဘူးတဲ့။ ကျူးကျော်ဖြစ်နေတဲ့အတွက် ခင်ဗျားတို့ ၁၅ ရက်အတွင်းဖယ်ပေးပါ။ ဒီ ၁ ရက် ၂ ရက်အတွင်းအကြောင်းပြန်ပါဆိုတော့ ကျမတို့က စာပို့လိုက်တယ် ကျမတို့ ကျူးကျော်မဟုတ်ဘူး။ လုံးဝ မဖယ်ပေးနိုင်ဘူးလို့ ပို့လိုက်တယ်။” ဆိုင်ခန်းတွေမှာ စတိုးဆိုင်၊ မိတ္တူဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆန်ပင်ညှပ်ဆိုင်၊ ထမင်းဆိုင်၊ ဖိနပ်ဆိုင် စတဲ့ ကုန်ပစ္စည်းဆိုင်တွေ ဖွင့်လှစ်ထားပြီး တချို့ ဆိုင်ခန်းတွေအပေါ်မှာ လူတွေပါနေထိုင်ကြတာပါ။ အခုလို ဖယ်ရှားခိုင်းတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ဆိုင်ခန်းတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူတွေရဲ့ စားဝတ်နေရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ ဒေါ်အေးမြင့်က ပြောပါတယ်။ “ကလေးတွေရဲ့ စားဝတ်နေရေးနဲ့ ၀န်ထမ်းတွေ ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိတယ် ဆိုတော့ ဒီမိုးတွင်းကာလမှာ ဖျက်ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။” ဈေးသူဈေးသားတွေကတော့ ဒီဖယ်ရှားခိုင်းတဲ့အမိန့်ကို အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ မေတ္တာရပ်ခံထားပြီး  နစ်နာကြေးပေးဖို့နဲ့ အဆင့်မြင့်ဈေး ဆောက်မယ်ဆိုရင်လည်း ဆိုင်ခန်းတွေ ပြန်ပေးပြီး ဆိုင်ခန်းတွေ ဆက်လက်ဖွင့်လှစ် ရောင်းချခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ အင်းစိန်မြို့နယ် စည်ပင်သာယာဌာနကတော့ စာချုပ်သက်တမ်းကျော်နေပြီ ဖြစ်လို့ ဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းတာလို့ ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024