Home
မြန်မာသတင်း
‘၀’ဒေသတွင် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ၅၀ ကျော်ပိတ်ခံရ၊ ဓမ္မဆရာ ၉၂ ပါး ဖမ်းဆီးခံရ
နော်နိုရင်း
·
September 27, 2018
ရှမ်းပြည်နယ်အရှေ့ပိုင်း ‘၀’ အထူးဒေသ ၂  မိုင်းပေါက်မြို့နယ်ထဲက လားဟူ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ၅၂ ကျောင်း ချိတ်ပိတ်ခံရပြီး ဓမ္မအမှုတော်ဆောင် ၉၂ ပါး ဖမ်းဆီး ထိန်းသိမ်းခံရတယ်လို့ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာ လာဇရုက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉နဲ့ ၂၀ ရက်နေ့တွေကစပြီး မိုင်းပေါက်မြို့ UWSA ‘၀’ အာဏာပိုင်တွေဟာ မြို့နယ်အတွင်းက လားဟူခရစ်ယာန်ဘုရားကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ခဲ့သလို ၃ ကျောင်းကိုလည်း ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဓမ္မဆရာ ၉၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီးထားသလို ဟိုတောင်းမြို့နယ်က လားဟူကျမ်းစာကျောင်းကို ချိတ်ပိတ်ပြီး အဲဒီကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသား ၄၁ ဦးကိုလည်း  ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခေါင်ဆောင်သွားခဲ့တယ်လို့လည်း ဒေါက်တာ လာဇရုကပြောပါတယ်။ “ပိတ်တာက အဲဒီမှာရှိတဲ့ ၀ အာဏာပိုင်တွေပေါ့။ ခေါင်းဆောင်တော့ ကျနော်မသိဘူး။ သူတို့စစ်တပ်ကနေ လာပြီးတော့  ပိတ်တယ်လို့ပြောတယ်။ နောက်ကျနော်တို့ ကျမ်းစာ ကျောင်းလေး တကျောင်းရှိတယ်လေ။ ဟိုတောင်းဆိုတဲ့မြို့ကလေးနားမှာ။ အဲဒီကျောင်းလည်း ပိတ်ခံရတယ်။ အဲဒီကျမ်းစာကျောင်းက ကျောင်းသူကျောင်းသားတွေကိုလည်း ခေါ်သွားတယ်။ စစ်သားလုပ်ခိုင်းမယ်လို့ကြားတယ်။ နောက်ပြီးသူတို့ဆီမှာရှိတဲ့ စားစရာ စပါးတွေလည်း ယူသွားတယ်လို့ပြောတယ်။ နောက် ဓမ္မဆရာ၊ ဆရာမ ၉၂ ပါးလည်း ဖမ်းဆီးခေါ် ဆောင်သွားတယ်။ ” ဖမ်ဆီးသွားတဲ့ ဓမ္မအမှုတော်ဆောင် ၉၀ကျော်နဲ့ ကျောင်းသူကျောင်းသား၄၀ ကျော်တို့ကို မိုင်းပေါက်မြို့မှာပဲ  ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ ဘာကြောင့်ဒီလိုဖမ်းဆီးလဲဆိုကိုတော့ မသိရပေမယ့် ‘၀’တပ်ဖွဲ့မှာ ဘာသာရေးကြောင့် နှစ်ဖွဲ့ကွဲတဲ့ ပုံစံဖြစ်တဲ့အတွက် အခုလို လုပ်ဆောင်တာလို့ ယူဆကြောင်းလည်း ပြောပါတယ်။ “ကျနော်တို့ ခရစ်ယာန်ဘာသာကို ‘၀’ ခေါင်းဆောင်က ပိတ်ပင်ဖို့လုပ်နေတယ်။ အဓိကကတော့ ကျနော်တို့ ဒီ ၀ ခရစ်ယာန်ဓမ္မဆရာကြီးများ မညီမှုကနေ စတယ်လို့ကြားတယ်။ သူတို့ ‘၀’ဓမ္မဆရာကြီးများက နှစ်ဖွဲ့ကွဲသွားတယ်။ နောက်ပိုင်း သူ့ဟာသူ အသင်းအဖွဲ့ ပြန်ထောင်တော့အဲဒါကို ‘၀’ ခေါင်းဆောင်က ကြည့်ပြီးတော့ ခရစ်ယာန် ဘာသာ လုပ်ခိုင်းရင်တော့ သူတို့ ‘၀’ ပြည်ကကွဲသွားတော့မှာပဲဆိုပြီး စိုးရိမ်ပြီးတော့ ခရစ်ယာန် ဘာသာကို ပိတ်ပင်လှုပ်ရှားနေတာ။ ” ဒီလိုဓမ္မဆရာတွေ ထိန်းသိမ်းခံရမှုအပေါ် လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ကိုယ်တိုင်သွားရောက်ညှိနှိုင်းလို့မရတဲ့အတွက် ပြင်ပဆက်ဆံရေးဌာနကိုပဲ စာပို့ပြီး သဘော ထားမှတ်ချက်ကို ပေးပို့ခဲ့တယ်လို့လည်း ဒေါက်တာလာဇရုက ပြောပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေကို ချိတ်ပိတ်ဖျက်စီးတဲ့ပေါ် UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို မေးမြန်းတဲ့အခါမှာတော့ ဒီဖြစ်စဉ်အပေါ် စိစစ်နေဆဲပဲလို့ ပြောပါတယ်။ “အဲဒါ စိစစ်နေတုန်းပဲနော်။ အစွန်းရောက်ဘာသာရေးသမားတချို့ရဲ့ ဒီလုပ်ရပ်ကြောင့် ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကျော်လွန်ပြီးမှ  လုပ်ဆောင်ချက်တွေ တချို့ကြောင့်ပေါ့နော်။ အဲဒါ ခွင့်ပြုချက်မရတဲ့ ဘုရားကျောင်းတွေ ဖျက်တယ်။ ” မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်လို့ ပြဋ္ဌန်းထားပါတယ်။ ဒါပေမယ့်  ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ မြန်မာနိုင်ငံက သုံးစွဲနေတဲ့ ဥပဒေတွေ မစိုးမိုးနိုင်တဲ့ ဒေသတွေဖြစ်တယ်လို့လည်း ဒေါက်တာ လာဇရုက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024