ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ သမ္မတဦးသိန်းစိန် လက်ခံ
ရွှေအောင်
·
August 15, 2012

ဘယ်လ်ဂျီယံနိုင်ငံ ထိပ်တန်းတက္ကသိုလ်တခုက ပေးအပ်မယ့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို သမ္မတဦးသိန်းစိန်က လက်ခံလိုက်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ de Liege တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးနောက် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံမယ်လို့ သမ္မတက ပြောလိုက်တာလို့ မင်္ဂလာမြန်မာအဖွဲ့က ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။
“ဘယ်လ်ဂျီယံက De Liege တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်နဲ့အဖွဲ့က သမ္မတနဲ့ သွားတွေ့ပြီး ဒေါက်တာဘွဲ့ပေးချင်တယ် လို့ ပြောတာ သမ္မတကလည်း လက်ခံလိုက်တော့ သူတို့ဆီမှာ ပြန်ပြီးတော့ တရားဝင် သတင်းတွေ ဘာတွေ ထုတ်မှာပေါ့။”
မင်္ဂလာမြန်မာအဖွဲ့ဟာ ဥရောပ နိုင်ငံတွေက တက္ကသိုလ်တွေ နဲ့ မြန်မာပြည်က တက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံတက္ကသိုလ်က ပေးအပ်မယ့် ဂုဏ်ထူးဆောင်ဘွဲ့နဲ့ပတ်သက်ပြီး ဒေါက်တာဖုန်းဝင်းက “ငြိမ်းချမ်းရေးလုပ်တဲ့သူတွေ၊ နိုင်ငံအတွင်း သင့်မြတ်အောင် လုပ်တဲ့သူတွေ၊ တယောက်နဲ့တယောက် ညှိညှိနှိုင်းနှိုင်း ဒိုင်ယာလော့ခ် လုပ်တဲ့သူတွေကို ပေးဖူးတယ်။ နယ်ဆင်မင်ဒဲလားလို လူမျိုးကို ပေးဖူးတယ်။ ကမ္ဘာမှာ ခေါင်းဆောင်တွေထဲက အပြောင်းအလဲ လုပ်တဲ့သူတွေ၊ နိုင်ငံကို ကောင်းအောင် လုပ်တဲ့သူတွေကို ဒေါက်တာဘွဲ့ပေးတာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါဘာချော့ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဘယ်ဂျီယံ de Liege တက္ကသိုလ်ဟာ ဥရောပမှာ အဆင့် ၈၁ ရပ်တည်နေတဲ့ တက္ကသိုလ် တခု ဖြစ်ပါတယ်။ တက္ကသိုလ်က ဒုပါမောက္ခချုပ်နဲ့အဖွဲ့ဟာ သြဂုတ်လ ၁၃ ရက်က မြန်မာပြည်ကို ရောက်ရှိခဲ့တာပါ။
