တရားမျှတမှုလက်လှမ်းမှီရရှိရေး ဆွေးနွေး
DVB
·
September 27, 2018
တရားမျှတမှုလက်လှမ်းမှီရရှိရေး မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ စက်တင်ဘာလ ၂၇ နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)နဲ့ My Justice အဖွဲ့တို့ကနေ ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအထိ ပြုလုပ်နေကြတာပါ။
ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)နာယက ဦးလှကိုက “ပြည်သူတွေ တရားမျှတမှု လက်လှမ်းမှီရရှိဖို့ဆိုတာ တရားစီရင်ရေး အမိုးအကာအောက်မှာ ခိုလှုံခွင့်ရမှ ပြည်သူတွေ ဘဝဟာ လုံခြုံမှုရမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
တရားစီရင်ရေးမှာ ပြည်ထဲရေးနဲ့အစိုးရအဖွဲ့က တရားလိုလုပ်ပြီး တရားစွဲတဲ့ အမှုတွေမှာ တရားမျှတမှုမရသလို ဘက်လိုက်မှုတွေလည်း အများကြီးရှိတယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောပါတယ်။
တရားမျှတမှုလက်လှမ်းမှီရရှိဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အကာကွယ်ပေးပြီး ဥပဒေပြုရာ မှာ အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ဆောင်ရွက်နိုင်တဲ့ စနစ်တွေရှိဖို့ လိုအပ်နေတယ်လို့လည်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)အဖွဲ့က ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁၀ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ဆူဇန်လှလှစိုးက “အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးတွေမှာ တရားမျှတမှု မရရှိသေးတဲ့အတွက် လွှတ်တော်ထဲမှာ အမျိုးသမီး အကာကွယ်ရရှိရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ ကလေးသူငယ်နဲ့သက်ဆိုင်တဲ့ ဥပဒေတွေကို အတည်ပြုပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်ပေး နေတယ်”လို့လည်း ပြောပါတယ်။
တရားမျှတမှုလက်လှမ်းမှီရရှိရေး မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းတွေ၊ ရန်ကုန်တိုင်းက ပညာရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တက်ရောက်ဆွေးနွေး ကြပါတယ်။