Home
မြန်မာသတင်း
စိတ်ကြွဆေး ၁၂ သန်းကျော်ဖမ်းမိ၊ တောင်ပိုင်းဝတပ်ဖွဲ့နှင့် ပတ်သက်နိုင်ဟု ထိုင်းရဲစွပ်စွဲ
DVB
·
September 27, 2018
တောင်ပိုင်းဝတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ကျလောဘိုနဲ့ ပတ်သက်တဲ့ စိတ်ကြွဆေးပြား ၁၂ သန်း ၄ သိန်းနဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၅၁၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောပါတယ်။ အဲဒီမူးယစ်ဆေးတွေကို မနေ့မနက် ၃ နာရီခွဲလောက်က ချင်းရိုင်းခရိုင်၊ မဲ့ကျန်းမြို့နဲ့  မယ့်ဆလောင်းတောင်ကြား လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ် ဒုရဲမှူးကြီး ဖာနုတေချ ဘွန်းရိုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မူးယစ်ဆေးတွေ ဖမ်းမမိခင် အရင်ဆုံး ဟွန်ဒါဆိုင်ကယ်စီးလာသူ နှစ်ဦးကို တာဝန်အရ ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် အနောက်ကလိုက်လာတဲ့ တိုယိုတာကားတစီးက ကားခေါင်းလှည့်ပြီး အနောက်ကို ပြန်မောင်းသွားကြောင်း၊ တာဝန်ရှိသူတွေက အဲဒီကားနောက်ကိုလိုက်ဖမ်းရာ ကားကလမ်းဘေးကို ထိုးကျသွားပြီး ယာဉ်မောင်းသူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီကားကို စစ်ဆေးရာ ကားနောက်ခန်းမှာ စောင်နဲ့ဖုံးအုပ်လာတဲ့ စိတ်ကြွဆေးပါ ဆာလာအိတ်ပေါင်း ၆၅ အိတ်၊ အိုက်စ်မူးယစ်ဆေး ၁၃ အိတ် တွေ့ရှိရကြောင်း၊ မူးယစ်ဆေးတွေကို စကြာမင်းအမှတ်တံဆိပ်ပါ လက်ဖက်ခြောက်ထုပ်တွေထဲ ထည့်ထားတာဖြစ်ပြီး စိတ်ကြွဆေးအလုံးရေ စုစုပေါင်း ၁၂ သိန်း ၄ သောင်းနဲ့ အိုက်စ်အလေးချိန် ၅၁၂ ကီလိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်ပေါ်က လူ နှစ်ဦးကို ဆက်လက်စစ်ဆေးရာမှာ သူတို့ဟာ မူးယစ်ဆေးတွေပါလာတဲ့ကားကို အရှေ့ကနေ လမ်းပြပေးဖို့ ဘတ်ငွေ ၁ သောင်းနဲ့ အငှားခံရ တာဖြစ်ကြောင်း၊ မဲ့ကျန်းမြို့နယ် အီကောပဒူရွာထိပ်ကနေ ပါဆန်းအုပ်စု မယ့်ဆလောင်းလမ်းခွဲထိ လမ်းပြပေးဖို့ ဖြစ်ကြောင်း ၀န်ခံပြောကြားပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေမှာ ကိုးသုံးလုံးနဲ့ ကြယ် ၅ လုံး အမှတ်တံဆိပ် ပါရှိကြောင်း၊ အဲဒီဆေးပြားတွေဟာ ဗိုလ်မှူးကြီး ကျလောဘို ဦးဆောင်တဲ့ တောင်ပိုင်းဝနယ်မြေ လားဟူရွာဖြစ်တဲ့ပူနားကိုကျေးရွာကနေ လာတာဖြစ်နိုင်တယ်လို့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ် ဒုရဲမှူးကြီး ဖာနုတေချ ဘွန်းရုန်းက ပြောပါတယ်။ ထိုင်းဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ယူဒဗလျူအက်စ်အေ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့ ထိုင်းဟာ သက်သေမခိုင်လုံဘဲ မူးယစ်ဆေးဝါးဖမ်းမိတိုင်း ဝတပ်ဖွဲ့ကိုသာ လွှဲချလေ့ရှိကြောင်း ဒီဗွီဘီကို ပြောပါတယ်။ “ဒီကိစ္စကတော့ ယိုးဒယားကတော့ အမြဲတမ်း စွပ်စွဲနေတာ ကြာလာခဲ့ပြီ။ ဒီလိုဖမ်းမိတာနဲ့ အားလုံးကို ဝ လို့ပဲ လွှဲချနေကြတယ်။ ကျနော်တို့အနေနဲ့ ဒီကိစ္စကို မျက်စိစုံမှိတ်ပြီး ငြင်းနေတာ မဟုတ်ဘူး။ သက်သေအထောက်အထား ပြနိုင်တယ်ဆိုရင် ကျနော်တို့တောင်မှ ကျေးဇူးတင်ရဦးမယ်နော်၊ ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကျနော်တို့က အဆင်သင့်ပဲ။” နောက်ထပ်ကွင်းဆက်တွေ ဖော်ထုတ်ဖို့ ဆိုင်ကယ်သမား နှစ်ဦးလုံးကို ထိုင်းရဲက ဆက်လက် ဖမ်းဆီးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024