Home
မြန်မာသတင်း
မိခင်ထောင်ကျပြီး အခက်အခဲတွေ့နေသည့် ကလေး ၃ ဦးကို လူမှုကူညီအဖွဲ့များ စောင့်ရှောက်
နော်နိုရင်း
·
September 26, 2018
42510101_1698084186986943_4323170430677417984_n
42458300_1699613056834056_632160259019898880_n
42409356_1698084100320285_8798103462039519232_n
42369959_1698084120320283_9120560600076779520_n
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဖခင်ဖြစ်သူက ပျောက်ဆုံးနေပြီး မိခင်ဖြစ်သူ ထောင်ကျနေတဲ့အတွက် ကျန်ရှိတဲ့ ကလေးငယ် မောင်နှမ ၃ ဦးကို လူမှုကူညီရေးအဖွဲ့တွေက ကူညီစောင့်ရှောက်ထားရပါတယ်။ ကလေးငယ် ၃ ဦးမှာ အသက် ၄ နှစ်၊ ၉ နှစ်နဲ့ ၁၁ နှစ်အရွယ်တွေဖြစ်ပြီး မိခင်ဖြစ်သူဟာ ပလပ်စတစ်တွေ လိုက်ကောက်ရင်း အီးပီစီရဲ့ ၀ါယာကြိုးတွေကို ကောက်ယူ ရောင်းစားမိလိုက်လို့ တရားစွဲဆို ထောင်ချခံခဲ့ရတာပါ။ မိခင်ကို ထောင်မချခင် လေးငါးလလောက် ချုပ်နှောင်ခံထားရတဲ့အတွက် သားသမီးတွေဟာ အိမ်နီးချင်းတွေရဲ့အကူညီနဲ့ နေထိုင်စားသောက်ခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အငယ်ဆုံးကလေးဖြစ်တဲ့ အသက် ၂ နှစ်အရွယ်သမီး နာမကျန်းဖြစ်ပြီး ဆေးရုံတင်ရတဲ့အခါကျမှ မန္တလေးကကူညီပေးသူ ကိုဝမ်းက တွေ့ရှိပြီး လူမှုကွန်ရက်မှာ တင်ပြတဲ့အတွက် စေတနာရှင်တွေက ကူညီလှူဒါန်းခဲ့ပါတယ်။ ကလေးတွေရဲ့ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စစ်တပ်ထဲ ၀င်သွားရာကနေ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး မိခင်ဖြစ်သူမှာ အမှိုက်ကောက်၊ ပလပ်စတစ်တွေကောက်ပြီး အသက်မွေးရတာဖြစ်ပါတယ်။ မိခင်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့အတွက် မိခင်ပြန်လာချိန်အထိ ကလေးတွေကို ကူညီစောင့်ရှောက်ပေးမှာဖြစ်ပြီး မိခင်ကိုလည်း ထောင်ဝင်စာ ပုံမှန်သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ မန္တလေး ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့က ကိုဝမ်းက ပြောပါတယ်။ “သူတို့နေတဲ့အိမ်ကလေးကို ကျနော်တို့က ပြန်ဆောက်ပေးမယ်၊ နောက်သူတို့ကို တလ ၁ သိန်း စားစရိတ်ထောက်ပံ့တာပေါ့နော်။ သူ့အမေကိုလည်း ထောင်ဝင်စာလစဉ် သွားတွေ့ပေး မယ်။ သူတို့ကို အိမ်နီးနားချင်း ဇနှီးမောင်နှံနှစ်ယောက်က စောင့်ရှောက်ပေးတယ်။ ကျနော်တို့ကတော့ လိုအပ်တာကို ထောက်ပံ့ပေးမှာပေါ့။ ” ကလေးတွေကို မိဘမဲ့ဂေဟာတွေ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ၊ မွေးစားလိုတဲ့ မိသားစုတွေရှိနေပေမယ့် ကလေးတွေက သူတို့ကို စောင့်ရှောက်ပေးနေတဲ့ ဇနီးမောင်နှံနဲ့အတူ ဒီရပ်ကွက်မှာပဲနေ ထိုင်လိုကြတဲ့အတွက် သူတို့ဆန္ဒအတိုင်းပဲ ကူညီပေးတာလို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024