ထိုင်းတွင် သတ်ဖြတ်မြေမြှုပ်ခံရသည့် ဗြိတိန်သန်းကြွယ်သူဌေးဇနီးမောင်နှံ အလောင်း ပြန်တူးဖော်

ထိုင်းမြောက်ပိုင်း ဖရဲ့ခရိုင်ထဲမှာ ဗြိတိန်နိုင်ငံသား သန်းကြွယ်သူဌေး ၁ ဦး နဲ့  ဇနီးဖြစ်သူ ထိုင်းအမျိုးသမီး ၁ ဦးတို့ သတ်ဖြတ်မြေမြှုပ်ခံခဲ့ရပါတယ်။ အသက် ၆၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Alan Hogg နဲ့ ဇနီးဖြစ်သူ နန်းနော့တ် ဆွတ်ဒဲန်း တို့မှာ  ဖရဲ့ခရိုင် ဖရဲ့မြို့ ဘန့်နိုင်းရပ်ကွက်ရှိ ခြံဝင်းကျယ်ကြီးတခုတွင်း နေထိုင်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က  ဆေးရုံမှာဆေးစစ်ဖို့ ဆရာဝန်ချိန်းထားပေမယ့် ရောက်မလာလို့ ပျောက်ဆုံးနေကြောင်း ဆွေမျိုးတွေက ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ရဲတွေက သူတို့အိမ်ရှေ့ ကားရုံနားမှာ သွေးစတွေတွေ့ပြီး ဒီအန်အေ စစ်ထားသလို ပျောက်ဆုံးနေတဲ့ သူတို့ကားကိုလည်း စုံစမ်းရှာဖွေခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ သူတို့ကားကို  ဆုခိုထိုင်းခရိုင်မှာ ပြန်တွေ့ပြီး ကားပေါ်ပါသူ အမျိုးသား ၃ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သလို ကားနားပေကျံနေတဲ့ ရွှံ့မြေတွေကိုလည်း  သေဆုံးသူရဲ့ခြံထဲက မြေသားတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ အဆိုပါ အမျိုးသား ၃ ဦးမှာ သေဆုံးသူ နန်းနော့တ်ရဲ့ အကိုရင်းဖြစ်သူ နိုင်းဝိလုတ်ရတ်တန ဆကကျစ် (၆၃) နှစ်၊  နိုင်းပြေ့ခမ်းဆိုင် (၆၃ နှစ်)၊ နိုင်းကစ်သီဖုန်း (၂၄ နှစ်) တို့ဖြစ်ကြပြီး သူတို့မှာ မသင်္ကာစရာအချက်တွေရှိတဲ့အတွက် စစ်ကြောမေးမြန်းရာက နောက်ဆုံး လူ သတ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ပါတယ်။ နိုင်းဝိလုတ်ရတ်က သူဟာ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး  ခဲအိုဖြစ်သူ မစ္စတာ Alan Hogg နဲ့ မကြာခဏ စကားများခဲ့ရကြောင်း၊ နှမဖြစ်သူကလည်း ယောကျာ်းဘက်ပါတာကြောင့် ကြေး စားသေနတ်သမားငှားရမ်းပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ခြံထဲရှိ ရေကူးကန်အနီးမှာ သူတို့ကို သတ်ခဲ့တယ်လို့ ဖွင့်ဟ၀န်ခံသွားပါတယ်။ ကြေးစားသေနတ်သမား နိုင်းပြေ့ခမ်းဆိုင်က မစ္စတာ Alan ကို ပစ်သတ်ဖို့ နိုင်းဝိလုတ်က သူ့အား ဘတ် ၅ သောင်းနဲ့ ငှားရမ်းခဲ့ကြောင်း၊ လူသတ်မှုမှာ ကူညီပေးဖို့ တူတော်စပ်သူ နိုင်းကစ်သီဖုန်းကို ဘတ် ၃ ထောင်နဲ့ ပြန်ငှားခဲ့ကြောင်း၊  စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော်က မစ္စတာ Alan ရေကန်အနီးမှာ ဘဲစာကြွေးနေစဉ် နိုင်းပြေ့က အနီးကို သွားကာ ဦးခေါင်းကို သေနတ်နဲ့ ၁ ချက်ပစ်လို့ အခင်းဖြစ်နေရာမှာ သေဆုံးကြောင်း၊ ဇနီးဖြစ်သူက သေနတ်သံကြားလို့ လာကြည့်စဉ် နိုင်းကစ်သီဖုန်းက ဖမ်းချုပ်ထားပြီး နိုင်းပြေ့က သံတုတ်နဲ့ အနောက်ကနေ ရိုက်လိုက်တာလို့ ဆိုပါတယ်။ အဲဒီနောက် သူတို့ခြံထဲက ဘက်ဟိုးကားနဲ့ စမ်းချောင်းဘေးမှာ မြေကိုတူးပြီး အလောင်းကို မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၅ ရက်မနက်မှာတော့ ရဲတပ်ဖွဲ့က ဘက်ဟိုးကားတွေနဲ့ စမ်းချောင်းဘေးရှိ မြေတွေပြန်လည်တူးဖော်ပြီး အလောင်းကို ပြန်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖရဲ့မြို့နယ်ရဲစခန်းက နိုင်းဝိလုတ်တို့ ၃ ဦးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊  ကားခိုးမှုတွေနဲ့ အရေးယူအပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။ ကိုးကား - Khao Sod / Sanook / Amarin TV news ဓာတ်ပုံ - ဘန်ကောက်ပို့စ်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up