ကိုရီးယားရောက် မြန်မာလုပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ပွား
DVB
·
September 26, 2018
တောင်ကိုရီးယားနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦး စက်တင်ဘာ ၂၄ ရက်က အချင်းများရာကနေ ဓားထိုးမှု ဖြစ်ပွားခဲ့ပါတယ်။
ယောင်းဆောင်းမြို့၊ ဟွာဆန်းမြောင်ရပ်ကွက်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ကိုမင်းမင်းထွန်းဆိုသူက ညဘက်အရက်မူးပြီး အလုပ်ကပေးထားတဲ့ အဆောင်ကိုပြန်လာခဲ့ရာမှာ အခြားအခန်းမှာနေတဲ့ ကိုဇော်မိုးဝင်းဆိုသူကို ဓားနဲ့ထိုးခဲ့တာလို့ ဓားထိုးခံရတဲ့ ကာယကံရှင် ကိုဇော်မိုးဝင်းက ပြောပါတယ်။
ဓားနဲ့ အထိုးခံရတာကြောင့် ကိုဇော်မိုးဝင်းမှာ ဒဏ်ရာရရှိခဲ့ပြီး လတ်တလော ဒယ်ဂူးမြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဓားနဲ့ အခန်းတွင်းဝင်ရောက်ထိုးခဲ့တဲ့ မြန်မာနိုင်ငံသား ကိုမင်းမင်းထွန်းကိုတော့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။
သတင်း - အောင်ထက်နိုင်