DVB Logo
Home
မြန်မာသတင်း
ကိုင်းတန်းဈေး ဆန္ဒပြပွဲတွင် အဖမ်းခံရသူများ အာမခံ ပယ်ချခံရ
DVB
·
August 15, 2012
Donate to DVB

ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်က မန္တလေးမြို့ ကိုင်းတန်းဈေးက ဈေးသည်တွေရဲ့ ဆန္ဒပြပွဲနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၃ ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ လျှောက်ထားခဲ့တာ ပယ်ချခံခဲ့ရပါတယ်။

မန္တလေးမြို့နယ် စည်ပင်သာယာကနေ ကိုင်းတန်းဈေးနေရာ ပြောင်းရွှေ့ခိုင်းတာကို ဈေးသည်အများစုက မပြောင်းရွှေ့ချင်တဲ့အတွက် ဩဂုတ် ၇ ရက်နေ့က ဈေးသည် ၁၀၀ လောက် မြို့နယ်စည်ပင်သာယာရုံးရှေ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်သေးနေသူ ကိုအေးသိန်းနဲ့ အတူ ဈေးသည်တွေဖြစ်တဲ့ ဦးသိန်းအောင်နဲ့ ဦးဝင်းဆွေမြင့်တို့ကို မန္တလေးမြို့ အမှတ် ၃ ရဲစခန်းက မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေမှုနဲ့ တရားစွဲဆိုထားတာပါ။

ဒီအမှုကို ဩဂုတ် ၁၄ ရက်နေ့က ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ တရားခံဘက်က ဖမ်ဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အာမခံ လျှောက်ထားတာ ပယ်ချခံခဲ့ရတယ်လို့ ကိုအေးသိန်းတို့ အမှုကို ရှေ့နေလိုက်ပေးနေတဲ့ ဥပဒေ အကျိုးတော်ဆောင် ဦးမြင့်သွင်က ပြောပါတယ်။

“ဒုရဲမှူးကြီး ဦးအောင်ခင်၊ ချမ်းအေးသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူးပေါ့။ အမှုစစ်နေရင်းနဲ့ ဆန္ဒပြတဲ့ စီဒီပြားကို သက်သေခံ တင်တော့ ကျနော်တို့ဘက်က တရားရုံးလက်စွဲအပိုဒ် ၄၁၉ အရ ဦးတိုက်လျှောက်တာ ဖြစ်လို့ ဒါကို လက်မခံသင့်ကြောင်း လျှောက်လဲချက်ပေးရပါတယ်။ ဥပဒေအရ ကျနော်တို့က ရဲမှူးတွေက  သက်သေခံဥပဒေပုဒ်မ ၁၅၉ အရ မသိတာရှိတာကို မှတ်တမ်းကို ခဏတော့ ကြည့်လို့ရတယ်။ ရေးထားတာကိုကြည့်ပြီး ထွက်ဆိုလို့မရဘူး။ အဲဒီလို ထွက်တဲ့အတွက်လည်း ကျနော်တို့ဘက်က ကန့်ကွက်ရတာပေါ့။ တရားခွင်မှာ ဥပဒေနဲ့အညီ ကန့်ကွက်ခွင့်ရှိတာတော့ ကန့်ကွက်ထားပါတယ်။”

ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဥပဒေအတိုင်း သက်ဆိုင်ရာမှာ ဆန္ဒပြခွင့် တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်ရထားတာ မရှိဘူးလို့လည်း ရှေ့နေက ပြောပါတယ်။

ဒီအမှုနဲ့ စပ်လျဉ်းပြီး  ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုညီညီကျော်ကိုလည်း ရဲတပ်ဖွဲ့က ၁၃ ရက်နေ့ညမှာ ထပ်မံ ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှာ အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။
ဒီအမှုဆက်စစ်ဖို့ ဩဂုတ်လ ၂၂ ရက် ပြန်ချိန်းဆိုထားပြီး ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင်တော့ ထောင်ဒဏ် ၂ နှစ် အရေးယူခံရနိုင်တယ်လို့ အကျိုးတော်ဆောင်ရှေ့နေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013