တွံ့တေးမြို့နယ် ကျူးကျော်စီးပွားဖြစ်ဆိုင်ခန်းနှင့် လူနေအဆောက်အဦများကို ဥပဒေအရ တရားစွဲ

2.2K
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လမ်းနယ်အတွင်း ကျူးကျော်နေတဲ့ စီးပွားဖြစ် ဈေးဆိုင်ခန်းတွေနဲ့ လူနေအဆောက်ဦတွေကို လမ်းမကြီးများဥပဒေအရ အရေးယူနေတယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက တွံတေးမြို့နယ် လမ်းနယ်အတွင်း ကျူးကျော်ပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ သူတွေကို အရေးယူဖို့ အစီအစဉ် ရှိ၊မရှိ မနေ့က လွှတ်တော်အစည်းအဝေးမှာ မေးမြန်းချက်အပေါ် ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်း၊ ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်း၊ တွံတေး-လှိုင်သာယာလမ်း၊ တွံတေး-မအူပင်လမ်း လမ်းနယ်အတွင်း ကျူးကျော်နေတဲ့ ကိုယ်ကျိုးစီးပွားဈေးဆိုင်တွေနဲ့ လူနေအဆောက်အအုံတွေကို လမ်းမကြီးဥပဒေအရ တရားစွဲဆိုနေတယ်လို့ ၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
“ယနေ့အထိ တရားစွဲဆိုထားတဲ့ အမှုပေါင်း (၁၇)ခုနဲ့ တရားစွဲဆိုရန် အမှုပေါင်း (၅)ခု ရှိပါတယ်။ လမ်းမကြီးများဥပဒေအရ လမ်းနယ်အတွင်း ကျူးကျော်လာပါက မည်သည့်ပုဂ္ဂိုလ်မဆို ဆက်လက်ပြီး တရားစွဲဆို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
အဆိုပါလမ်းတွေဟာ လမ်းနယ်နိမိတ်သတ်မှတ်ချက် အမှတ် ၅ အရ တိုင်းဒေသကြီးပြည်နယ်ချင်း ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပြီး လမ်းနယ်အကျယ် ၄၅.၇၅ မီတာ၊ ပေ ၁၅၀ ပေဖြစ်ပြီး လမ်းအလယ်ဗဟိုမှ တစ်ဖက်လျှင် ၇၅ ပေရှိတယ်လို့ သိရပါတယ်။